- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁/၂ဝ၁၉
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန် ကျေးရွာသားများ ရွာအနီး တိုက်ပွဲ ဖြစ်ပွား၍ ထွက်ပြေးနေစဉ် နေအိမ်အများအပြား ဖောက်ထွင်းဖျက်ဆီးခံရပြီး တန်ဖိုးရှိ ပစ္စည်းများယူဆောင်သွားကာ မယူနိုင်သော ပစ္စည်းများမှာ ဖျက်ဆီးခံခဲ့ရသည်ဟု ကျေးရွာသားများက ပြောသည်။
ကျေးရွာသား တစ်ဦးက “ ဒီဖြစ်စဉ်ဟာ စစ်ကြောင်းတစ်ခုရွာထဲမှာ ရောက်ရှိနေတဲ့ နှစ်ရက်၊ သုံးရက်အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ အိမ်တွေအကုန်လုံး ဝင်ရောက် မွှေနှောက်ခံရတယ်။ အိမ်တံခါး သော့ခလောက်တွေကို တူတွေနဲ့ ထုပြီး ဝင်တယ်။ တံခါးတွေ ရိုက်ချိုးဖျက်ဆီးတယ်။ လိုတာကိုယူတယ်။ မလိုတာတွေကို အကုန်လုံး ဖျက်ဆီးပစ်ခဲ့ပါတယ်” ဟု ပြောကြားသည်။
ညောင်ကန်ရွာမှာ အိမ်ခြေ ၃၆ဝ ခန့်ရှိသည့် ကျေးရွာကြီး တစ်ရွာ ဖြစ်ပြီး လူဦးရေ ၂ဝဝဝ ခန့်ရှိကြောင်း သိရသည်။
ညောင်ကန် ကျေးရွာသားများသည် နိုဝင်ဘာ ၂၇ ရက်နေ့ ညဉ့် ၁နာရီ အချိန်က ရွာနှင့် မိုက်ဝက်ခန့်သာဝေးသည့် စေတီတောင်ကျေးရွာတွင် တပ်မတော် စစ်ကြောင်း တစ်ခုနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ ဖြစ်ပွား ပြီးနောက် ကြောက်လန့်စိုးရိမ်ပြီး ကျေးရွာကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။
၎င်းနောက်ပိုင်းတွင် တပ်မတော်စစ်ကြောင်း တစ်ခုသည် ၎င်းရွာထဲသို့ ဝင်ရောက်နေရာယူခဲ့သည်ဟု သိရသည်။
“ မနေ့က တပ်မတော် စစ်ကြောင်းက ပြန်ထွက်သွားတယ်။ အခု ကျွန်တော်တို့ ရွာကို ပြန်လာတော့ အိမ်တွေထဲကို ဝင်ရောက်ပြီး လိုချင်တဲ့ ပစ္စည်းတွေကို ယူသွားတယ်။ မလိုချင်တဲ့ ပစ္စည်းတွေ၊ မသယ်နိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့တယ်။ တစ်ချို့ပစ္စည်းတွေကို လွှင့်ပစ်ခဲ့ပါတယ်။ တစ်ချို့အိမ်တွေက ရွှေတွေပါသွားတယ်လို့ သိရပါတယ်။ ဆေးဆိုင်ရောင်းတော့ ဆေးဝါးတွေ အကုန်ယူသွားတယ်။ ဘာတစ်ခုမှ မကျန်ဘူး။ အိမ်တိုင်းက ပစ္စည်းတွေ ပြန့်ကျဲကျန်လိုက်ပါတယ်။ ကျွန်တော်တို့ ဘာလုပ်လို့ ဘာဆက်ကိုင်ရမှန်း မသိတော့ပါဘူး။ ဘဝရပ်တည်မှုက အစ အခက်အခဲဖြစ်သွားပါပြီ။ ဆန်တွေကိုလည်း ဖောက်ပြီး လွှင့်ပစ်ခဲ့ပါတယ်” ဟု ပြောကြားသည်။
၎င်းတပ်မတော်စစ်ကြောင်းမှာ နိုဝင်ဘာ ၃ဝ ရက်နေ့ ညဉ့်အချိန်တွင် ပြန်ထွက်သွားပြီး ရွာသားများမှာ ဒီဇင်ဘာ ၁ ရက်နေ့ ရွာကို ပြန်လာစဉ် ကျေးရွာအတွင်းရှိ အိမ်များ ဖျက်ဆီးခံထားရသည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
ရွာသား နောက်တစ်ဦးကလည်း ညောင်ကန်နှင့် စေတီတောင် နှစ်ရွာလုံးဖျက်ဆီးခံရပြီး တစ်အိမ်မှ မကျန် မွှေနှောက်ခံရကြောင်း၊ စျေးဆိုင်များမှ ပစ္စည်းများကိုလည်း စားစရာ ပစ္စည်းများကို စားပြီး စားမကုန်သည့် ပစ္စည်းများ အားလုံးကို ဖျက်ဆီးပစ်ခဲ့ကြောင်း၊ ဆေးရုံ၊ ဆေးဆိုင်၊ စျေးဆိုင် တစ်ခုမကျန် ဖျက်ဆီးခံရကြောင်း၊ ကြက်ဝက် မကျန် သတ်ဖြတ်စားသောက်သွားကြောင်း ပြောကြားသည်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းသို့ ယနေ့နံနက်က ဆက်သွယ်ရာ ညောင်ကန်ရွာ အခြေအနေကို ကျေးရွာသားများထံမှ သတင်းပေးပို့၍ သိရှိထားကြောင်း၊ ဓာတ်ပုံ အထောက်အထားများလည်း ရရှိထားကြောင်း၊ ကာယကံရှင် ကျေးရွာသားများအား ဆက်သွယ် မေးမြန်းပါက ပိုမို သင့်တော်ကောင်းမွန်မည် ဖြစ်ကြောင်း ပြောကြားသည်။
ညောင်ကန်ရွာနေအိမ်များ ဖျက်ဆီးခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ် မေးမြန်းရာ ၎င်းက “ AA ကိုလက်ခံနေလို့ရှိရင် အဲဒီအတိုင်းဖြစ်မှာပဲနော်၊။ အဲဒီရွာကိုမွှေတယ်ဆိုတာ ဘာမှမမွှေဘူး။ AA ကနေပြီးတော့ အဲဒီရွာကတဆင့် အဲဒီလမ်းရဲ့မြောက်ဘက်ပေါ့။ အဲဒီမှာရှိတဲ့အဖွဲ့တွေကို အဲဒီ ညောင်ကန် ကနေပြီးတော့မှ ဟိုပစ္စည်းပို့ ဒီပစ္စည်းပို့ ပို့တယ်။ ပြီးရင် အဲဒီဘက်က ထွက်ပြီးတော့ ခဏခဏမိုင်းခွဲတယ်။ မိုင်းခွဲတဲ့ အတွက်ကြောင့် အဲဒီရွာကို ဝင်ပြီးတော့မှ လိုအပ်တဲ့ စစ်ဆေးမှုတွေ၊ ရှာဖွေမှုတွေလုပ်တာ။ လုပ်တဲ့အခါမှာ အသက်အရွယ်(၅ဝ)ဝန်းကျင်လောက် ၁ဝ ယောက်လောက် ပါတယ်။ အဲဒီလူတွေဦးဆောင်ပြီးတော့မှ ဟိုးဒီမှာကြည့် သူတို့ပဲဖွင့်ပေးတာ။ သူတို့ဦးစီးပြီးတော့မှ ရှာတာ။ တပ်က ရှာတာမဟုတ်ဘူး။ အဲဒီရွာကလူတွေနဲ့ရှာခိုင်းတာ။ ရှာတဲ့အတွက်ကြောင့် ဆေးတွေအများကြီးတွေ့တယ်။ သိန်းနဲ့ ချီပြီးတွေ့တာ။ ဆေးတွေက ခွဲစိပ်တဲ့အခါမှာ သုံးတဲ့ပစ္စည်းတွေတွေ့တယ်။ ချုပ်အပ်တွေဘာတွေတွေ့တယ်။ ကျန်တဲ့ ဥစ္စာတော့ ပိုးသတ်ဆေးတွေ အများကြီး တွေ့တယ်။ ပြီးရင် မော်ဖိန်းတွေအများကြီးတွေ့တယ်။ အဲလိုတွေ အများကြီးတွေ့တယ်။ အဲဒါတပ်ကရှာတာမဟုတ်ဘူး။ ရွာကလူတွေရှာတာ။ ဆေးတွေဘာတွေ၊ ဆေးကုတဲ့ ဆေးတွေဘာတွေတွေ့တော့ မယူဘဲနဲ့ဘာလုပ်ရမှာလဲ ထားခဲ့ရမှာလား။ အဲဒီဆေးဝါးတွေတွေ့တဲ့အိမ်ဆိုတာက အဲဒီရွာလူကြီးတွေကပဲ လိုက်ပြတာ။ ဟောဒီအိမ်က AA တွေအမြဲတမ်းလာထိုင်နေတဲ့အိမ်၊ ဟောဒီမှာပဲ အမြဲတမ်းနေတယ်ဆိုပြီးတော့ လိုက်ပြတာ။ အဲဒီအိမ်က အိမ်နံပတ် ၄ဝ၆ လားမသိဘူး။ အဲဒီအိမ်က တွေ့တာ” ဟု ပြောကြားသည်။
-------------------------
Unicode:
နိရဉ်စရာ၊ ဒီဇငျဘာ ၁