တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ် ရှာရှည်ပြင်ကျေးရွာမှ ကျေးရွာသား ၁ ဦးကို စစ်ဆေးရန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ/ ၂ဝ၁၉

မြောက်ဦးမြို့နယ် လင်းမြွေတောင်အနီးရှိ မကျည်းကုန်းစခန်းမှ တပ်မတော်စစ်ကြောင်းတစ်ခုသည် ယနေ့ နံနက် အစောကြီး ၃ နာရီအချိန်က မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာသား တစ်ဦးအား စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုများက ပြောကြားသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ ရှာရှည်ပြင်ကျေးရွာမှ တေပါ ကားမောင်းပြီး လုပ်ကိုင်စားသောက်နေသူ ကိုညီပု (ခ) မျိုးဝင်းနိုင် (၃၁) နှစ်ဖြစ်ကြောင်း သိရသည်။

ဇနီးဖြစ်သူ မနွယ်မာသန်းက “ ကျွန်မယောက်ျားကို ဒီကနေ့ မနက် ၃နာရီခွဲခန့် အချိန်မှာ နေအိမ်မှာအိပ်နေစဉ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ကျွန်မက သူ့ကို ဖမ်းတဲ့ အချိန်မှာ အမေ နေမကောင်းလို့ အမေအိမ်မှာ လာအိပ်နေပါတယ်။ အမေက ရန်ကုန်က ဆေးကုလို့ မနေ့ကဘဲ ပြန်ရောက်ပါတယ်။ ဒါနဲ့ လေးနှစ်အရွယ် သမီးလေးနဲ့ လာအိပ်နေတာပါ။ အိမ်မှာက သူတစ်ယောက်တည်းကျန်ခဲ့ပါတယ်။ ကျွန်မတို့တစ်အိမ်လုံးကို မွေနှောက်ရှာဖွေခဲ့ပါတယ်။ ဝယ်ထားတဲ့ စပါးအိတ်တွေကိုလည်း ဓားနဲ့ ဖောက်ပစ်ပြီး ရှာခဲ့ပါတယ်။  ပီးရင် ကျွန်မ အဖေ၊ အမေအိမ်ကို စစ်သားတွေကျွန်မ ယောကျ်ားကို ချည်နှောင်ယူလာပြီး လာရှာပါတယ်။ အိမ်ခြံတွေက နေရာတွေကို တူးပြီးရှာပါတယ်။ ကျွန်မရှေ့မှာတော့ ဘာမှ ရမသွားပါဘူး” ဟု ပြောသည်။  

သူမမိခင်မှာ နေမကောင်းသဖြင့် ညဉ်းတွားနေသဖြင့် စစ်သားများက မသင်္ကာ၍  အိမ်ပေါ်တက်ရောက်ရှာဖွေရန် ပြုလုပ်စဉ် စစ်ဗိုလ် တစ်ဦးက ဘယ်သူလဲ၊ ဘာဖြစ်နေသလဲဟု မေးကြောင်း၊ အမေဖြစ်သူ နေမကောင်း၍ ညဉ်းတွားနေကြောင်း ပြောသဖြင့် ဆေးရုံက ဆင်းလာသော ဆေးစာရွက်များကို ပြခိုင်းကြောင်း၊ ဆေးစာရွက်ကိုပြပြီးမှ အိမ်ပေါ်သို့ တက်ရောက်ရှာဖွေမလုပ်ဘဲ ခြံဝင်းထဲက ထွက်သွားခဲ့သည်ဟု ပြောကြားသည်။

“ သူတို့ထွက်သွားတဲ့အခါ ကျွန်မယောကျ်ားကို ဖမ်းခေါ်သွားတော့ ကျွန်မက ဗိုလ်ကြီးကို မေးပါတယ်။ ဘာဖြစ်လို့ ကျွန်မယောကျ်ားကို ဖမ်းတာလဲလို့။ သူက ပြောတာက ညီမကို ပြောလို့လည်း နားလည်မှာ မဟုတ်ဘူး။ မသိချင်နဲ့ ပြောပါတယ်။ စစ်ဆေးစရာရှိလို့ ခေါ်သွားမယ်။ စစ်ဆေးပြီးရင် ပြန်လွှတ်ပေးမယ်ဆိုပြီး ပြောသွားပါတယ်” ဟု ဇနီးဖြစ်သူ မနွယ်မာသန်းက ပြောသည်။ 

ဖမ်းဆီးခေါ်ဆောင်ခံရသူ ကိုညီပု၏ ယောက္ခမဖြစ်သူ ဦးသာကျော်ဦးက “ အိမ်မှာ အိပ်နေတုန်း သူတို့ သေနတ်တွေနဲ့ အယောက် ၄ဝ လောက် ဝင်လာပြီး အိမ်မှာ ရှာကြတယ်။ ကျွန်တော့် သမက်မှာ တေပါ အမျိုးအစား ထရပ်ကား တစ်စီးရှိတယ်။ အဲဒီကားပေါ်မှာ သူအိပ်နေတာကို ဖမ်းသွားကြပါတယ်။ သံပြောင်းအဟောင်း ပျက်စီးနေတာတစ်ခု စစ်သားတွေက အိမ်က ရှာယူသွားပါတယ်။ အဲဒါမျိုးလည်း တစ်ခါမှ အိမ်မှာမရှိဖူးပါဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

 ကိုညီပုသည် ရွာမပြင် ကျေးရွာ ဇာတိဖြစ်ပြီး ရှာရှည်ပြင် ကျေးရွာတွင် မနွယ်မာသန်းနှင့် အိမ်ထောင်ကျနေသည်မှာ (၁ဝ) နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း၊ သူ့အား မကျေနပ်သူများက သတင်းအမှားပေးပုံရကြောင်း၊ ယခင်ကလည်း သူ့အား သစ္စာဖောက်၊ ထမင်းဝအောင်စားထားဆိုပြီး ရွာထဲတွင် စာကပ်ကြောင်း၊ သူ့၏ တေပါကားတွင်လည်း စက်ထဲတွင် ဆားပုံ၍ နှောင့်ယှက်ဖျက်ဆီးမှုများရှိကြောင်း၊ သူ့ကို မနာလိုသူများက စစ်တပ်ကို သတင်းမှား ပေးပုံရကြောင်း ဦးသာကျော်ဦးက ပြောကြားသည်။

 “ ကျွန်တော်သမက် ရိုးရိုးသားသား လုပ်စားနေတာပါ။ ဒီကိစ္စက လူရန်တိုက်တာလို့ ထင်ပါတယ်။ သူ့မှာ ဝန်တင်ကား တစ်စီးရှိတယ်။ အဲဒီကားနဲ့ လုပ်စားနေတာ။ ကလေးတစ်ယောက်လည်း ရှိတယ်။ အခုသူ့ကို ရိုက်နှက်ပြီး တောင်ပေါ်ကို ခေါ်သွားပါတယ်။ ရွာကိုလည်း သူတို့ ဝင်စစ်ပါတယ်။ ” ဟု ၎င်းက ဆက်ပြောသည်။

ရှာရှည်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးက “ ရွာထဲကို ပါလာတဲ့ ဗိုလ်ကြီးက ညီပုဆိုတာရှိလား။ သူက လူကောင်းလား မေးပါတယ်။ ကျွန်တော်က သူဟာရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူဖြစ်တယ်။ ဒီရွာကမဟုတ်ပေမယ့် ဒီရွာမှာ မိန်းမရနေတာ ၁ဝ နှစ်လောက်ရှိနေပြီ ပြောလိုက်ပါတယ်။ ပေပါကားမောင်းပြီး စပါးအရောင်းအဝယ် လုပ်ကိုင်နေသူ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် သတင်းတစ်ခု ရထားတဲ့ အတွက် သူ့ကို စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ယူသွားမယ်ဆိုပြီး ပြောပါတယ်။ သူ့အိမ်ကို ရှာဖွေစဉ် ယမ်းထောင်းသေနတ်အပျက် တစ်လက် ရတာကိုလည်း ပြသွားပါတယ်။ ကျွန်တော်က ပြောလိုက်ပါတယ်။ ဒါက ဘာသုံးစားမရတဲ့ဟာပါ။ ဒါက ဟိုပဋိပက္ခကာလက အသုံးပြုခဲ့တဲ့ အဟောင်းအပျက်တွေပါဆိုပြီး ပြောလိုက်ပါတယ်။ သတင်းရထားတဲ့ အတွက် ခေါ်ယူသွားမယ်ဆိုပြီး မကျည်းကုန်း စခန်းကို ခေါ်သွားပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပထမတန်း စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

-------------------------

Unicode


နိရဉ်စရာ၊ ဒီဇငျဘာ ၃ဝ/ ၂ဝ၁၉











ဆက်စပ် သတင်းများ