တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ၁၆ ဦးကို AA ပြန်လွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4.2k

သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၁ / ၂ဝ၂ဝ

ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားသူ ၁၆ ဦးကို ယနေ့ နံနက်အစောပိုင်းတွင် ပြန်လွှတ်ပေးလိုက်ပြီဟု AA က သတင်းထုတ်ပြန်လိုက်သည်။

သူတို့ ၁၆ ဦးအား စစ်ဆေးရာ စစ်ဖက်နှင့် သက်ဆိုင်သူများ၊ မသင်္ကာဖွယ်ရာရှိသူများမဟုတ်သောကြောင့်ဟုဆိုကာ သူတို့အားလုံးကို ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့ နံနက်(၇) နာရီ (၄၇) မိနစ်တွင် ဘူးသီးတောင်မြို့နယ် သေကံကျေးရွာ စာသင်ကျောင်း၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများထံတွင်ကောင်းမွန်စွာပြန်လည်လွှတ်ပေးလိုက်ပြီဟု ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

လွှတ်ပေးခြင်းခံရသူ ၁၆ ဦးမှာ ဇော်ကိုဦး (၃၉) နှစ်၊ ခင်မောင်ကျော် (၅၅) နှစ်၊ ဆန်းထွန်းအောင် (၄၄) နှစ်၊ တင်ထက်အောင် (၃၁) နှစ်၊ အောင်မိုးလွင် (၃၇) နှစ်၊ ဇော်ထွန်းဦး (၄၄) နှစ်၊ ဝင်းထွန်းသန်း (၄၆) နှစ်၊ အေးထွန်း (၄၁) နှစ်၊ မင်းမင်း (၃၅) နှစ်၊ မောင်မောင်အေး (၅၄) နှစ်၊ အောင်ကျော်သူ (၄၄) နှစ်၊ နောင်ထွန်း (၄၁) နှစ်၊ ဝင်းဇော်ဌေး (၄၂) နှစ်၊ တင်ရွှေ (၅၇) နှစ်၊ အောင်အောင် (၄၄) နှစ်နှင့် စိုးကျော်(ခ) ဘိုကျော် (၄၈) နှစ်တို့ဖြစ်သည်။

"အဲဒီလူတွေကို စစ်ဆေးကြည့်တဲ့အခါ စစ်ဘက်နဲ့ပတ်သက်မှုမရှိဘူး။ သာမန်ရိုးရိုးဝန်ထမ်းတွေပဲ ဖြစ်တယ် "ဟု ရက္ခိုင့်တပ်တော် (AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက နိရဥ္စရာသို့ပြောသည်။

သူတို့အားခေါ်ယူစစ်ဆေးသည့်အချိန်တွင် ကောင်းမွန်စွာစစ်ဆေးသကဲ့သို့ ပြန်လွှတ်ပေးသည့်အချိန်တွင်လည်း ကောင်းမွန်စွာပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု AA က ဆိုသည်။

သူတို့ ၁၆ ဦးအား ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်တွေမှ ဘူးသီးတောင်မြို့သို့ ထွက်ခွာလာသည့် အောင်တံခွန်(၇) ခရီးသည်တင် သင်္ဘောပေါ်မှ နေ့လယ် ၂ နာရီကျော်အချိန်တွင် ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာအနီး တားဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

သူတို့ ၁၆ ဦးသည် UEHRD အစီအစဉ်ဖြင့် ပြန်လည်လက်ခံရေး စခန်းများဖြစ်သည့် ငါးခူရပြန်လည် လက်ခံရေး စခန်းနှင့် တောင်ပြိုပြန်လည်လက်ခံရေးစခန်းများရှိ လူများကိုတင်ဆောင်ရန် တရုတ်နိုင်ငံက လှူဒါန်းထားသည့်ကားများကို မောင်းနှင်သူများဖြစ်သည်ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နိရဥ္စရာကို ပြောသည်။

----------------------------------

 


 
 
 
 

ဆက်စပ် သတင်းများ