- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ချစ်အိလှိုင်(စစ်တွေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၃/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်တွင် စစ်ပွဲများကြောင့် ကုန်စည် စီးဆင်းမှု ပြတ်တောက်လာနေသည်ဟု ရခိုင်စီးပွာရေး လုပ်ငန်းရှင်များက ပြောသည်။
ရခိုင်ပြည်နယ်ရှိစက်ရုံအလုပ်ရုံများတွင် အလုပ်သမားများရှားပါးလာခြင်း၊ လမ်းခရီးအခက်အခက်အခဲများကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးပြတ်တောက်ခြင်းနှင့် စစ်ပွဲဖြစ်ပွားနေသော ဒေသများမှစျေးဆိုင်များ ပိတ်ထားရခြင်း များကြောင့် ရခိုင်ပြည်နယ်သို့ စီးဆင်းနေသော ကုန်စည်စီးဆင်းမှုမှာ ပြတ်တောက်လာနေခြင်းဖြစ်သည်ဟု ဆိုကြသည်။
“ကျွန်တော်တို့ စက်ရုံမှာအရင်က အလုပ်သမားအယောက်တစ်ရာကျော်ရှိတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေ က အလုပ်သမားတွေက မိသားစုဆီပြန်ကြတယ်။ အခုအယောက်နှစ်ဆယ်လောက်ပဲကျန်တော့တယ်။ ပြီးတော့ ကားလမ်း အခြေနေကလည်းမကောင်းတော့ ရန်ကုန်က ကုန်ကြမ်းမှာတဲ့အချိန်မှာခက်ခဲတယ်။ ဒီကနေ ပို့တဲ့အချိန်မှာလည်း ခက်ခဲတယ်။ စစ်ပွဲတွေဖြစ်နေတဲ့ ဒီတစ်နှစ်ကျော်ကာလအတွင်းမှာ အရောင်းအဝယ် တစ်ဝက်ကျော်ထိကျသွားတယ်။ ခြောက်လလောက်ရှိပြီ။ ဘယ်လိုမှ အဆင်မပြေတဲ့အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာပါ” ဟု စစ်တွေမြို့မှ Smart အထည်ချုပ်စက်ရုံပိုင်ရှင် ဦးမင်းဇော်က နိရဥ္စရာသတင်းဌာနအားပြောသည်။
ရန်ကုန်မှဖောက်သည်များမှလည်း အထည်မှာယူခြင်းမရှိတော့သလို ရခိုင်ပြည်နယ်အတွင်းမှ အထည်ဆိုင် များကလည်း မှာယူခြင်း မရှိသလောက်ဖြစ်လာကြောင်း ၄င်းက ဆက်ပြောသည်။
ရန်ကုန်မြို့ မင်္ဂလာစျေးမှ အထည်ဆိုင်ပိုင်ရှင် ကိုကျော်လင်းမောင်ကလည်း “အရင်က တစ်နေ့ကို ကားသုံးလေးစီး စာလောက် ကိုယ့်ရခိုင်ပြည်နယ်ကို အထည်တွေပို့ရတယ်။ အခုတိုက်ပွဲတွေဖြစ်နေတဲ့ ကျောက်တော်၊ မြောက်ဦး တို့လို နေရာတွေက ပိုရောင်းရတာ။ အခုက လုံးဝ မပို့ရတော့ဘူး။ ရခိုင်စျေးကွက်က လုံးဝမရှိတော့ဘူး။”ဟု ပြောသည်။
ရခိုင်ပြည်နယ်ကုန်သည်နှင့် စက်မှု ၊ လက်မှုလုပ်ငန်းရှင်များအသင်း၏ တွဲဖက်အတွင်းရေးမှူးကလည်း စစ်ပွဲများကြောင့် ရခိုင်ပြည်နယ် ကုန်စည် စီးဆင်းမှု ရပ်တန့်လာနေကြောင်းနှင့် နှစ်ဖက်လက်နက်ကိုင်များအနေဖြင့် ဆွေးနွေးအဖြေရှာစေလိုကြောင်း ပြောသည်။
“ကုန်စည်စီးဆင်းမှုရပ်တန့်လာနေတာ စစ်ပွဲတွေကြောင့်လို့ပြောရမယ်။ လမ်းပန်းဆက်သွယ်ရေးတွေလည်း ခက်ခဲလာတယ်။ ရာခိုင်နှုန်းတွေနဲ့ အချက်အလက်စုဆောင်းထားတာတော့မရှိပေမဲ့ ကုန်စည်စီးဆင်းမှု အရင်ကထက် တစ်ဝက်နီးပါးကျဆင်းသွားတာ တွေ့ရတယ်။ ဒီလိုသာဆက်သွားနေရင် စီးပွားရေး ရင်းနှီးမြှပ်နှံသူတွေလည်း လာမှာမဟုတ်တော့သလို ဒီကစီးပွားရေးလုပ်ငန်းတွေလည်း ရပ်တန့်လာနိုင်ပါတယ်။ နှစ်ဖက်လက်နက်ကိုင်တွေကို ညှိနှိုင်းအဖြေရှာပေးစေချင်တယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာတပ်မတော်တို့ အကြား တိုက်ပွဲကာလ တစ်နှစ်ကျော် အထိရှိလာပြီး စစ်ဘေးကြောင့်နေရပ်စွန့်ခွာသူစစ်ဘေးရှောင် ဦးရေ တစ်သိန်းကျော် အထိ ရှိလာနေကြောင်း သိရသည်။
---------------------------------
Unicode
နိရဉ်စရာ၊ ဇနျနဝါရီ ၃/ ၂ဝ၂ဝ