- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
နောင်ခိုင်အောင်
နိရဥ္စရာ၊ ဇန်နဝါရီ၊ ၁၇/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လုံခြုံရေး တင်းကျပ်ကာ အစစ်အဆေးများနေကြောင်း မြောက်ဦးဒေသခံများက ပြောသည်။
ယမန်နေ့က အရာခံဗိုလ်တစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ယနေ့တွင် လုံခြုံရေး တင်းကျပ်ကာ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်အပါအဝင် ယာဉ်ထိန်းရဲတို့စုပေါင်းပြီး စစ်ဆေးမှုများပြုလုပ်နေသည်ဟုဆိုသည်။
“စစ်သား၊ ရဲသားအကုန်ပါတယ်။ အခုမြို့ထဲက တောင်ရပ်လမ်းဆုံမှာ လာသမျှကား၊ ဆိုင်ကယ်၊ သုံးဘီး အကုန်လုံး စစ်ဆေးနေတယ်။ ဈေးထဲကိုလည်း ဝင်ပြီးလာကြည့်ကြတယ်” ဟု ဈေးဆိုင်ရောင်းနေသူအမျိုးသမီးတစ်ဦးက ပြောသည်။
ယမန်နေ့ မနက်ပိုင်းက တပ်မတော်ဘက်မှ အရာခံဗိုလ်တစ်ဦးအား အမည်မသိ လူ ၄ ဦးမှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့်နေရာသည် မြောက်ဦးမြို့ထဲမှ ဟင်းစိမ်းနှင့် ငါးခြောက်များရောင်းချနေသည့် စျေးတန်းနေရာတွင် ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့မနက် ၈နာရီခွဲကျော်လောက်ကနေ စစ်ကားတွေ၊ ရဲကားတွေမြို့ထဲကို ဝင်လာတာတွေ့ရပါတယ်။ အချုပ်ကား တွေပါ တစ်ခါတည်းပါလာတာကိုတွေ့ရပါတယ်။ ယာဉ်ထိန်းရဲတွေလည်းပါတယ်။ လူဘယ်လောက် ပါသွားတယ်ဆိုတာကိုတော့ ခန့်မှန်းလို့မရဘူး။ မနေ့ စစ်တပ်ကတစ်ယောက်ကိုဖမ်းသွားတဲ့အတွက် လာကြတာလို့ ထင်တယ်” ဟု အမည်မဖော်လိုသည့် မျိုးသားတစ်ဦးကပြောသည်။
ယနေ့နံနက်မှ စပြီး အရေးကြီးသော မြောက်ဦးမြို့ လမ်းဆုံလမ်းခွများနှင့် နန်းရာကုန်းထက်တွင်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များကို တပ်ဖြန့်ချထားသည်ဟု ဒေသခံများက ပြောဆိုသည်။
အဆိုပါကိစ္စနဲ့ပတ်သက်၍ မြောက်ဦးမြို့နယ် ရဲစခန်းနှင့် ရဲအရာရှိတစ်ချို့ကို ဖုန်းဆက်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။
လက်ရှိတွင် မြောက်ဦးမြို့တွင်း၌ ဈေးဆိုင်အများအပြားပိတ်ထားပြီး လူသွားလူလာနည်းပါးသည့်အတွက် တစ်မြို့လုံးနီးပါး တိတ်ဆိတ်ငြိမ်သက်နေကြောင်း မြို့ခံများက ပြောသည်။
----------------------------------
Unicode:
နိရဉ်စရာ၊ ဇနျနဝါရီ၊ ၁၇/၂ဝ၂ဝ