- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
စိုးဇံအောင်
နိရဥ္စရာ၊ဖေဖော်ဝါရီ ၂ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ချောင်းသစ်ကျေးရွာတွင် တိုက်ပွဲလက်ကျန်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားပြီး အသက်(၁၅) နှစ်အရွယ် လူငယ် တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရရှိသွားသည်ဟု သတင်းရရှိသည်။
သေဆုံးသူမှာ ချောင်းသစ်ကျေးရွာမှ မောင်ကျော်ကျော်သန်း (၁၅)နှစ်ဖြစ်သည်။ ၎င်းရွာမှ ဒေါ်ဖြူမေ(ခေါ်) မေကြီး(၄ဝ)နှစ်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး မြောက်ဦးဆေးရုံတွင် အရေးပေါ်တင်ထားရသည်ဟု မြောက်ဦးမြို့နယ် ဂရုဏာလှိုင်း သွေးလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက ပြောသည်။
ယနေ့နေ့လယ် ၁၂ နာရီကျော်က ကျေးရွာအပြင်ဘက်ရှိ ဆန်စက်အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဥက္ကဋ္ဌ ဦးအောင်သန်းထွန်းက ပြောသည်။
“ဒဏ်ရာပြင်းတဲ့ အတွက် သတိလစ်နေတဲ့ ယောကျ်ားလေးက ဆေးရုံရောက်ပြီး နာရီဝက် အတွင်းမှာ ဆုံးသွားပါတယ်။ အမျိုးသမီးကတော့ ဒဏ်ရာနဲ့ ဆေးရုံတင်ထားရပါတယ်။ ဗုံးက ရွာပြင်က ဆန်စက်နားမှာ ပေါက်ကွဲတာ။ အမြောက်ကျည်ထိပ်ဖူး တစ်ဖူး ကောက်ရတာကို လက်မှာကိုင်ပြီး လာရာကနေ ကျရောက် ပေါက်ကွဲတာ ဖြစ်တယ်လို့ ရွာသားတွေက တစ်ဆင့် သိရပါတယ်။ အမျိုးသမီးကတော့ သတိရနေတယ်။ နှစ်ယောက်လုံး ချောင်းသစ်ရွာ ကပါ။ အမျိုးတော်တယ်လို့ သိရတယ်” ဟု ဦးအောင်သန်းထွန်း က ပြောသည်။
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ထံ ဆက်သွယ်မေးမြန်းရာ ယောကျ်ားလေး တစ်ဦးသေပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရရှိ၍ ဆေးရုံတင်ထားရသည်ဟု နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။
“ဗုံးပေါက်တယ်လို့ပြောတယ်။လက်ပစ်ဗုံးလား။ဘယ်လိုဗုံးလဲဆိုတာမသိဘူး။တိုက်ပွဲအကျန် မပေါက် ကွဲသေးတဲ့ ဗုံးကို နေပြီးတော့ ကောက်ပြီးကြည့်တယ်။ပြီးတော့ လွှင့်ပစ်လိုက်တယ်လို့ ကြားတယ်။အဲဒါမှာ ပေါက်ကွဲသွားတာ လို့ သတင်းရထားတယ်”ဟု ဦးထွန်းသာစိန်က ပြောသည်။
-----------------------------
Unicode:
နိရဉ်စရာ၊ဖဖျေောဝါရီ ၂ / ၂ဝ၂ဝ