တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မှ လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာပြင်းထန်သူ ၁ ဦး အရေးပေါ် ဆေးကုသရန် စစ်တွေဆေးရုံကြီးသို့ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 10.3k

နီမင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ယနေ့နံနက် ၈ နာရီခန့်က လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်သူတစ်ဦးသည် အရေးပေါ်ဆေးကုသခံယူရန် စစ်တွေဆေးရုံသို့ ရောက်ရှိနေကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်သူမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ ဦးကျော်သိန်းထွန်း(၄၇) နှစ်ဖြစ်ပြီး သူသည် ကျောက်တော်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ယနေ့ နေ့လယ် ၁ နာရ ီအချိန်က ရောက်ရှိလာခြင်းဖြစ်သည်။

ဒဏ်ရာရသူ ဦးကျော်သိန်းထွန်း၏ ဇနီးဖြစ်သူ  ဒေါ်လှလှရီက “ဘုရားကြီးဖက်က ပစ်လို့ အိမ်ပေါ်ကို လာကျတာ။ အဲဒီ ဘုရားကြီးမှာ စစ်သားတွေရှိတယ်။ လက်နက်ကြီး ၃ လုံး ၄ လုံးကျတယ်။ စစ်ပွဲဖြစ်တာလည်းမရှိဘူး။ မြန်မာတပ်မတော်ဘက်က ပစ်တာ”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ဒဏ်ရာရသူ ဦးကျော်သိန်းထွန်းသည် ယနေ့နံနက် ၈ နာရီခန့်က နေအိမ်တွင် ထိုင်နေစဉ် လက်နက်ကြီး ကျည်ကျ၍ ၄င်း၏လိင်အင်္ဂါနှင့် လိင်အင်္ဂါအနီးတစ်တွင် ဒဏ်ရာရှိခြင်းဖြစ်ပြီး လက်ရှိတွင်လူနာ၏အခြေအနေ စိုးရိမ်နေရကာ ငွေရေး၊ ကြွေးရေး အခက်အခဲဖြစ်နေသည်ဟု ၄င်းက ဆက်ပြောခဲ့သည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “တိုက်ပွဲ မဖြစ်ဘဲ ကျွန်တော်တို့တပ်မတော်က မပစ်ဘူး။ ဒီကနေ့မနက် အဲဒီနားမှာ မိုင်းလာဆွဲတယ်။ မဟာကံကြီးသျှင် ဘုရားရေကန် အနောက်ဘက် ကနေ သုံးဖွဲ့လာပစ်တယ်။ ဘုရားမှာလုံခြုံရေးယူထားတဲ့လုံခြုံရေးတပ်ဖွဲ့တွေ၊ ဘဏ်တွေမှာ လုံခြုံရေးယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပစ်တာ။ ပစ်လို့ သူပစ်ကိုယ်ပစ် ပစ်တာ။ အေအေပစ်လို့ မှန်တာကော မဖြစ်နိုင်ဘူးလား”ဟု ပြောဆိုသည်။

ကျောက်တော်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်ကလည်း “တိုက်ပွဲဖြစ်လို့လားဆိုရင် အသေချာတော့မသိဘူး။ ပစ်တာကတော့ မဟာကံကြီးသျှင်ဘက်က ပစ်တာပဲ။ တပ်မတော်က ပစ်တာလို့သိရတယ်။ အဲဒီအနီးနား ပတ်ဝန်းကျင်ကလူတွေက တိုက်ပွဲလည်းမဖြစ်ဘူးပြောတယ်။ အဲဒါကတော့ မတော်မတရားလုပ်တာပဲလို့ ကျွန်တော့်အနေနဲ့ပြောချင်တယ်။ ပြည်သူတွေအပေါ်မှာ ဒီလိုလုပ်တာ မကောင်းဘူးလို့ပြောလိုတယ်”ဟု ပြောသည်။

ယနေ့ နံနက်ပိုင်းက ကျောက်တော်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဦး ကျော်သိန်းထွန်း(၄၇) နှစ်အပါအဝင် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ ဦးမောင်စောလှ(၆၁)နှစ်၊ မောင်စောဖြူ (၁၇)နှစ် တို့လည်း ဒဏ်ရာရှိခဲ့ပြီး ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်မှ ဒေါ်အေးအေးခိုင်(၂၄)နှစ်မှာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟုသိရသည်။

သေဆုံးသွားသည့် မအေးအေးခိုင်တွင် သားယောက်ျားလေး ၁ ဦးနှင့် သမီးမိန်းကလေး ၁ ဦး လင်ယောက်ျား ဖြစ်သူနှင့်အတူ ကျန်ရစ်ခဲ့သည်ဟု သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ကျောက်တော်ရှိ မဟာကံကြီးသျှင်ဘုရားအတွင်း စခန်းချနေသည့် တပ်မ (၅၅)အင်အား ၂၃ဝ ခန့်ပါသော တပ်မတော်စစ်ကြောင်း မြို့တွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အတွက် ယခုကဲ့သို့ အရပ်သားများ သေဆုံး၊ ဒဏ်ရာရသွားခြင်းဖြစ်ပြီး ၎င်းတို့နှင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဟု ပြောသည်။

ဒဏ်ရာရသူများအနက် ကျန်နှစ်ဦးမှာ ကျောက်တော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်းလည်း သိရသည်။

-----------------------


နိရဉ်စရာ၊ ဖဖျေောဝါရီ ၃/ ၂ဝ၂ဝ













ဆက်စပ် သတင်းများ