တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် သမီးလှရွာဟောင်းကျေးရွာမှ နေအိမ်အချို့ မီးရှို့ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှရွာဟောင်းကျေးရွာရှိ နေအိမ်အချို့သည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လယ်က မီးရှို့ခံလိုက်ရသည်ဟု ကျေးရွာသားများက ပြောသည်။

“သမီးလှရွာဟောင်းမှာ မီးဝင်ရှို့နေကြပါတယ်။ သမီးလှရွာသစ်မှာကတော့ မရှို့ခဲ့ပါဘူး။ သူတို့က တစ်ဘက်တည်း ပစ်တာတွေလည်း လုပ်ပါတယ်။ မသင်္ကာလို့ အခုလို လုပ်တာလို့ ထင်ရပါတယ်။ ကျွန်တော်တို့က ထွက်ပြေးနေရပါတယ်။ ကျွန်တော်တို့က အခု ဘူးသီးတောင်မြို့နယ် ခွဆုံရွာမှာ ရောက်နေကြပါပြီ”ဟု သမီးလှရွာသစ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ သမီးလှရွာဟောင်းကျေးရွာနှင့် သမီးလှရွာသစ်ကျေးရွာတို့မှာ ၈ ဖာလုံခန့် ဝေးကွာကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်များဖြင့် လှမ်းပစ်ခတ်ကြောင်း၊ ခန့်မှန်းခြေအရ သမီးလှ ရွာဟောင်းကျေးရွာမှ နေအိမ် ၇ လုံးအား မီးရှို့လိုက်ပြီဖြစ်ကြောင်း သမီးလှရွာဟောင်းကျေးရွာမှ ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဦးစံသာကျော်က ပြောသည်။

“စစ်တပ်က ရှို့လိုက်တာပါ။ သူတို့က တန်းစီပြီး သွားနေကြပါတယ်။ သမီးလှရွာသစ်ကို လက်နက်နဲ့ပစ်တယ်။ ပြီးတော့ အဲဒီရွာမှာ နေပါတယ်။ ရသေ့တောင်တပ်ရင်းဘက်ကလည်း လှမ်းပစ်တယ်။ ကျွန်တော်တို့ရွာက ရွာသားတွေက လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက ထွက်ပြေးသွားကြပါပြီ။ သူတို့က ညအချိန်ရော၊ မနက်အချိန်ရော လှမ်းပစ်ပါတယ်။ လက်နက် ပစ်လို့ ကြောက်လို့ ထွက်ပြေးတာပါ။ တိုက်ပွဲမဖြစ်ဘဲ မီးဝင်ရှို့တာပါ။ သူတို့က သမီးလှရွာသစ်က တက်လာကြတာပါ။ အင်အား ဘယ်လောက်ရှိလဲဆိုတာလဲ မသိရပါဘူး”ဟု ဦးစံသာကျော်က နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်၏ သဘောထားအား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းမှာ ခရီးလွန်နေ၍ အဆိုပါ ကိစ္စအား မသိရသေးကြောင်း ပြောသည်။
မီးလောင်ကျွမ်းမှု အခြေနေအား ယနေ့ ညနေ ၃ နာရီခန့်အထိ နိရဥ္စရာမှ ဒေသခံများအား ဆက်သွယ်မေးမြန်းနေခဲ့ရာ မီးငြိမ်းနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ ရွာက မြင်ရပါတယ်။ မီးက ၁ နာရီလောက်က စလောင်ပါတယ်။ မီးခိုးတွေက အများကြီး ထွက်လာပါတယ်။ အဲဒီရွာဘက်က။ စစ်တပ်က ဝင်တိုက်နေတာပါ။ မီးခိုးက လုံးဝမရပ်ပါဘူး။ ပစ်ခတ်သံတွေရော အဲဒီဘက်က အသံကြားရပါတယ်။”ဟု ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ ဒေသခံတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ယခုဖြစ်စဉ်ကြောင့် သမီးလှရွာသစ်ကျေးရွာမှ ကျေးရွာသားများမှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးသွားကြသော်လည်း ကျေးရွာအတွင်း ဘုန်းတော်ကြီးတစ်ပါးနှင့် သက်ကြီး ၂ ဦးသာ ကျန်ရှိခဲ့သေးကြောင်း သိရသည်။

-------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၈/ ၂ဝ၂ဝ












ဆက်စပ် သတင်းများ