- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
မာန်ယုကျော် (ရွှေဝမြေ)၊ ချစ်အိလှိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁ဝ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဂါပုကျေးရွာတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား၍ ကလေးတစ်ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရသွားကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ ဂါပုကျေးရွာမှ ဦးကျော်ဇံ၏သား မောင်ခိုင်ကျော်လင်း (၉ နှစ်)ဖြစ်သည်။
ဒဏ်ရာရရှိသွားသူများမှာ ဦးသန်းထိုက်၏သမီး မနှင်းအေး (၆ နှစ်)၊ ဦးမောင်ထွန်းအောင်၏သမီး မမဲမနု (၁၂ နှစ်)၊ ဦးသန်းထိုက်၏သား မောင်ဟိန်းထိုက် (၄ နှစ်)၊ ဦးခင်မောင်ဝင်း၏သမီး မနေယဉ်မိုး (၉ နှစ်)နှင့် ဦးထွန်းနိုင်၏ သမီး မနေယဉ်စိုး (၇ နှစ်)တို့ဖြစ်ကြသည်။
၄င်းတို့ ၆ ဦးသည် ယနေ့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ နံနက် ၁၁ နာရီခန့်က အရာဝတ္ထုတစ်ခုအား ထုခွဲကစားရာမှ ပေါက်ကွဲမှုဖြစ်ကာ ယခုကဲ့သို့ သေဆုံး၊ ဒဏ်ရာရမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦကျော်သန်းက နိရဥ္စရာသို့ အတည်ပြု ပြောသည်။
"အဲဒီပစ္စည်းကို သူတို့က ကောက်ရခဲ့တာပါ။ ပြီးတော့ တုတ်နဲ့လား၊ ဓားနဲ့လားမသိဘူး။ ဝိုင်းပြီး ထုခွဲကစားကြတဲ့အခါ ပေါက်ကွဲသွားတာပါ။ နေဗီက ပစ်လို့ ကျန်ခဲ့တဲ့အရာလား။ ဗုံးလား၊ လက်နက်ကြီးလားလည်း မသိဘူး။ အစအနလည်း ရှာမတွေ့ဘူး"ဟု ဦးကျော်သန်းက ဆိုသည်။
အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူ မောင်ခိုင်ကျော်လင်းတွင် မျက်နှာတစ်ခုလုံးပွင့်ထွက်ပြီး ခြေသလုံးကျိုးကြေပွင့်ထွက်ကာ ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟုဆိုသည်။
ကျန် ၅ ဦးအနက် မနှင်းအေးတွင် ခြေသလုံး၊ ပေါင်၊ လက်၊ မမဲမနုတွင် ညာတင်ဆုံ၊ ခါး၊ ခြေထောက်နှစ်ချောင်းတို့တွင် ဒဏ်ရာရရှိခဲ့ပြီး မောင်ဟိန်းထိုက်၊ မနေယဉ်မိုး၊ မနေယဉ်စိုးတို့တွင် တစ်ကိုယ်လုံး၌ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူနှင့် ဒဏ်ရာရသူ ၅ ဦးစလုံးအား ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
"ဒဏ်ရာရတဲ့ ၅ ယောက်ထဲမှာ တစ်ယောက်ကတော့ စိုးရိမ်ရတယ်။ ကျန်တဲ့သူတွေကတော့ သိပ်မစိုးရိမ်ရဘူး"ဟု ကျောက်တော်မြို့ရှိ ဖြူစင်မေတ္တာပရဟိတအသင်းဥက္ကဋ္ဌ ဦးညီပုက ပြောသည်။
ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာအနီး ကုလားတန်မြစ်ကြောင်းအတွင်းမှ ပစ်ခတ်သံများလည်း ထွက်ပေါ်ခဲ့ပြီးနောက် ယခုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။
--------------------------------
Unicode:
"ဒဏျရာရတဲ့ ၅ ယောကျထဲမှာ တစျယောကျကတော့ စိုးရိမျရတယျ။ ကနြျတဲ့သူတှကေတော့ သိပျမစိုးရိမျရဘူး"ဟု ကြောကျတျောမွို့ရှိ ဖွူစငျမတေ်တာပရဟိတအသငျးဥက်ကဋ်ဌ ဦးညီပုက ပွောသညျ။