တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျည်စထိမှန်၍ နွားများသေဆုံးမှုရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 2.8k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျည်စထိမှန်၍ နွားအများအပြား သေဆုံးပြီး နွားအချို့လည်း ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ နံနက်ပိုင်းက ကုလားတန်မြစ်ကြောင်းဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး လက်နက်ငယ်များထိမှန်မှုကြောင့် ကျောက်တော်မြို့နယ် ဒက်ဖြူကျေးရွာမှ နွား ၃ ကောင်သေဆုံးသွားပြီး ဒဏ်ရာရရှိသွားသည့် နွားအချို့လည်းရှိကြောင်း နွားပိုင်ရှင်များက ပြောသည်။

နွားပိုင်ရှင် ဒေါ်မဟန်ကျော့က “နွားထီး ၂ ကောင်သေတယ်။ နွားမ ၁ ကောင် ကလေးမွေးထားတာ တစ်လလောက်ပဲရှိပါသေးတယ်။ အဲဒီနွားမပါ သေသွားပါတယ်။ နောက်နွားမတစ်ကောင်တော့ ဒဏ်ရာရသွားတယ်။ အဲဒီနွားမက သေမလား၊ ရှင်မလားမသိတော့ဘူး။”ဟု ပြောသည်။
၄င်းရွာအတွင်း ဦးကျော်သာလှဆိုသူနှင့် ဦးယက်သဲ့အောင်တို့တွင်လည်း နွားတစ်ကောင်စီ ဒဏ်ရာရသွားကြောင်း သိရသည်။

နွားပိုင်ရှင် ဦးကျော်သာလှက “ညာဘက်နှုတ်သီးကနေ ကျည်ဆံဝင်ပြီးတော့ ဘယ်ဘက်ပါးကနေ ထွက်သွားတယ်ထင်တယ်။ ရောင်တော့ အရမ်းရောင်နေတယ်။ အစာစားရင်လည်း နှာခေါင်းက သွေးထွက်ပါတယ်။ နွား ၆ ကောင်မှာ တစ်ကောင်ထိပါတယ်။”ဟု ပြောသည်။

အလားတူ တင်းမကျေးရွာတွင်လည်း ရွာသားပိုင်နွားများ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး ဒဏ်ရာရ သေဆုံးမှု ရှိနေသည်ဟု ကျေးရွာသားများက သတင်းပေးပို့ချက်အရ သိရကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောသည်။

တင်းမကျေးရွာမှ ကျေးရွာသားတစ်ဦးကလည်း “ဦးဘဝင်းမှာ နွားနှစ်ကောင်သေပါတယ်။ ဒေါ်လှမေသိန်းဆိုတဲ့ အမျိုးသမီးမှာ နွားထီးကြီးတစ်ကောင်လည်း လက်ကျိုးသွားတယ်။”ဟု ပြောသည်။

နွားထီးတစ်ကောင်လျှင် ကာလပေါက်စျေး ကျပ် ၇ သိန်းမှ ၈ သိန်းအထိရှိပြီး နွားမတစ်ကောင်လျှင် ကျပ် ၆ သိန်းအထိ ပေါက်စျေးရှိသည်ဟု သိရသည်။

ယမန်နေ့က ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျရောက်ပေါက်ကွဲမှုကြောင့် လူသေဆုံး၊ ဒဏ်ရာရမှုများလည်းရှိခဲ့သလို လူနေအိမ်အချို့လည်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

----------------------------

Unicode:











ဆက်စပ် သတင်းများ