တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်မှ လက်နက်ကြီးကျည်ထိမှန်ခဲ့သည့်မူဆလင်လူငယ်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 453

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာမှ ယမန်နေ့က လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိသွားသူ  ၃ ဦးထဲမှ ဦးခေါင်းကျည်စ ထိမှန် ဒဏ်ရာရရှိသွားသူ လူငယ်မှာ သေဆုံး သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ နံနက်ပိုင်းက ကုလားတန်မြစ်ကြောင်းဘက်မှ ပစ်ခတ် လိုက်သည့် လက်နက်ကြီးများပေါက်ကွဲ၍ ကျည်စထိမှန် ဒဏ်ရာရရှိသွားသူများမှာ တောင်ဘွေ ကျေးရွာသစ် မူဆလင်ကျေးရွာမှ မောင်ရာဟင်နာဒိန်(၁၅)နှစ်၊ မဟော်ဟွန်မာ(၁၂)နှစ်၊ ဇီရာရှား(၃)နှစ် တို့ဖြစ်ကြသည်။

ယင်းအထဲမှ ခေါင်းထိဒဏ်ရာ ရရှိသွားသူ မောင်ရာဟင်နာဒိန်(၁၅) နှစ်မှာ ယင်းနေ့ညနေပိုင်းတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း တောင်ဘွေကျေးရွာသားတစ်ဦးက ပြောသည်။

“မနေ့က ကျောက်တော်ကနေပြီးတော့ စစ်တွေကို ကားနဲ့ယူလာတဲ့အချိန် ကန်စောက်နား အရောက်မှာ သေသွားတာပါ။ သေတဲ့အချိန်က ၅ နာရီဝန်းကျင်လောက်ဖြစ်မယ်” ဟု ၄င်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းနေ့ကဖြစ်စဉ်ကြောင့် ကျောက်တော်မြို့နယ် ဟယာကျေးရွာမှ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိသွားကြောင်း ကျေးရွာသားများက ပြောသည်။

“မနေ့ကတောင်ဘွေမှာ ကလေးတွေဒဏ်ရာရသွားတာကို ဟယာရွာကနေ မနက်ပိုင်းမှာ လာကြည့်တာပါ။ အဲဒီအချိန်မှာ ဒဏ်ရာ ရနေတဲ့ကလေးက မသေသေးဘူး။ လာကြည့်တဲ့အချိန်မှာ နောက်ထပ်တစ်ချက်ပစ်တယ်။ အဲလိုပစ်တဲ့အချိန်မှာ လူတွေက ပြိုပြီးတော့ ထွက်ပြေးကြတယ်။ အဲလိုထွက်ပြေးချိန်မှာ ဟယာရွာက အမျိုးသမီးဆီမှာ ကျသွားတာပါ” ဟု တောင်ဘွေကျေးရွာသစ်မှ မူဆလင်တစ်ဦးက ပြောသည်။

ဟယာကျေးရွာမှ ဒဏ်ရာရရှိသွားသူမှာ အသက် ၄၅ နှစ်အရွယ် ဒေါ်ဆီနီးဖြစ်ကြောင်း၊ ၄င်း အမျိုးသမီး၏ မေးအောက်တွင် လက်နက်ကြီးကျည်စ ထိမှန်သွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ထိမှန်သွားသော်လည်း အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း ဒေသခံများက ပြောသည်။

---------------------------

Unicode:










ဆက်စပ် သတင်းများ