တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မျောက်တောင်ကျေးရွာမှ ဒဏ်ရာပြင်းထန်သည့် ကျောင်းသားများအားတင်ဆောင်လာသောကား ၃ နာရီခန့်အကြာ စစ်ဆေးခံခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 2.3k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာတွင် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် ကျောင်းသား ၄ ဦးအား တင်ဆောင်လာသောကားမှာ ၃ နာရီခန့်အကြာ စစ်ဆေးခံခဲ့ရကြောင်း သိရသည်။

အဆိုပါဒဏ်ရာရလူနာများအား မျောက်တောင်ကျေးရွာမှ ကျောက်တော်ဆေးရုံသို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေပိုင်းက ဖြူစင်မေတ္တာပရဟိတအသင်းမှ လူနာတင်ကားများဖြင့် ယူဆောင် လာစဉ် တပ်မ ၃၇၆ ဂိတ်တွင် ညနေ ၇ နာရီကျော်အချိန်မှစတင်ပြီး ည ၁ဝ နာရီခွဲခန့်အထိ ၃ နာရီခန့်ကြာ စစ်ဆေးခံရသည်ဟု လူနာအားသယ်ဆောင်လာသူများက နိရဥ္စရာသို့ ပြောသည်။

ဖြူစင်မေတ္တာပရဟိတအသင်း ဥက္ကဋ္ဌ ကိုညီပုက “ကျနော်တို့ နယ်လုံဝန်ကြီးကိုလှမ်းပြီး အကူအညီ တောင်းပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကို လှမ်းလို့အကူအညီတောင်းတယ်။ လွှတ်တော် ဥက္ကဋ္ဌက တဆင့် နယ်လုံဝန်ကြီးကိုပြောတယ်။ ကျနော်တို့က နယ်လုံဝန်ကြီးကို ပြောတော့ နယ်လုံဝန်ကြီးက တိုက်ရိုက်ဖုန်း ဂျွိုင်းပြီးတော့ စပီကာဖွင့်ပြီးတော့ သွား။ သွားဆိုပြီးတော့ ကျနော်တို့ ဂိတ်တွေမှာ အစစ်ခံရပါတယ်။ အခုတော့ရောက်ပါပြီဆေးရုံကို။ ကျနော်တို့ ၇ နာရီ ၂၂ ကနေဖြတ်တာ အခု ၁ဝ နာရီ ၃၁ မိနစ်မှာ ဆေးရုံကိုရောက်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဒဏ်ရာပြင်းထန်သည့်ကျောင်းသားများတွင် သွေးသွင်းရမည့်လူနာများလည်း ပါသလို စိုးရိမ်ရသည့် လူနာလည်း ပါရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

လူနာတင်ကား စစ်ဆေးခံခဲ့ရမှုနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း ထံသို့ နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက “ကျနော်တို့က ရဲကိုပြောတယ်။ ရဲကိုအဆက်အသွယ်လုပ်ပေးလို့ပြောတော့ ဟိုက တပ်နဲ့ အဆက်အသွယ် မရလို့ပြောတယ်။ ကျနော်တို့က မျောက်တောင်က ကလေး ၄ ယောက်ကို ၁ နာရီလောက် ကနေပြီးတော့ ဖြူစင် မေတ္တာကားနဲ့သွားခေါ်တယ်။ ကျနော်ကြိုးစားတာ မိုးမချုပ်ခင်ရအောင် ကြိုးစားတာလေ။ အခု မိုးချုပ်သွားတယ်။ ဖြတ်လို့ရဖို့အတွက် ကြိုးစာတာ ဖြတ်လို့မဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတာကို ကျနော်တို့ဘယ်လိုသိမလဲ။”ဟု ပြောသည်။

ဒဏ်ရာရရှိသွားသည့် ကျောင်းသားများမှာ ၅ တန်းကျောင်းသား မောင်ဝေယံမိုး(၁ဝ)နှစ်၊ ၁ဝ တန်းကျောင်းသား များဖြစ်သည့် မောင်ဦးသန်းဇော်(၁၈)နှစ်၊ မောင်ကိုကိုဟိန်း(၁၈)နှစ်နှင့် မောင်ပိုင်စိုး(၁၇)နှစ်တို့ဖြစ်သည်။

၄င်းတို့သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ကျေးရွာအနီး ကုလားတန် မြစ်ကမ်းနား၌ ဘောလုံးကစားနေစဉ် ၄င်းတို့အနီးသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားခြင်းဖြစ်သည်။

ဒဏ်ရာရသူများအနက် မောင်ကိုကိုဟိန်းတွင် ဘယ်ဖက်လက် ပြတ်ထွက်သွားပြီး ကျန်သုံးဦး တွင်လည်း ဒဏ်ရာပြင်းထန်သောကြောင့် ကျောက်တော်ဆေးရုံသို့ ယခုကဲ့သို့ အရေးပေါ် ပို့ဆောင်လိုက်ရခြင်းဖြစ်သည်။

----------------------

Unicode:













ဆက်စပ် သတင်းများ