- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၅ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာမှ အသက် ၃ဝ နှစ် အရွယ် ကိုဌေးလှိုင်ကို စစ်ကြောင်း တစ်ခုမှ မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးစဉ် ဒဏ်ရာရရှိသွားသဖြင့် ဆေးကုသရန် အရေးပေါ် ပို့ဆောင်ရန် လိုအပ်နေသည်ဟု ၎င်း၏ ဆွေမျိုးများက ပြောကြားသည်။
“ အခုက ရွာထဲကနေ ရွာပြင်ကို သွားလို့ မရဘူး။ ရွာပြင်မှာ လူသွားတာကို မြင်ရင် သေနတ်နဲ့ ပစ်တယ်။ တိုက်ပွဲက ဖြစ်ထားတာဆိုတော့ သူ့ကို ရွာထဲကနေ ဆေးရုံယူဆောင်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။ ရွာသားတွေက ရွာထဲမှာ သွားလာလို့ ရပေမယ့် တံတားကို ဖြတ်သန်းလို့ မရဘူး။ အခု ဌေးလိူင်ကို ဘုန်းကြီးကျောင်းမှာ ထားပါတယ်။ ရင်ဘတ်တွေ အောင့်တယ်လို့ ပြောပါတယ်။ အခုအချိန်ထိ ဆေးတောင် တစ်လုံး မထိုးရသေးဘူး။ ကူညီပေးစေချင်ပါတယ်” ဟု ကုဌေးလိူင်၏ ယောက္ခမအမ၏ ညီမ ဖြစ်သူ ဒေါ်လှမေက ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က ပြောသည်။
ကိုဌေးလှိုင်သည် တိုက်ပွဲ ဖြစ်ပွားနေစဉ် မနေ့က ညနေ ၃နာရီ ၃ဝ မိနစ် အချိန်ခန့်တွင် သူအလုပ် လုပ်နေသည့် ဓာတ်မီးတိုင်ကုမ္ပဏီမှ ကြောက်ပြီး ရွာထဲသို့ ဝင်လာစဉ် စစ်ကြောင်းတစ်ခုက မသင်္ကာသဖြင့် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
̏ ကျွန်တော်တို့ ရွာအနီးမှာ ဓာတ်မီးတိုင် ကုမ္ပဏီတစ်ခုရှိတယ်။ အဲဒီကုမ္ပဏီမှာ သူ့အလုပ် လုပ်တယ်။ မနေ့ကတိုက်ပွဲဖြစ်နေတော့ သူ့က စိုးရိမ်ပြီး ရွာထဲကို ဝင်လာတယ်။ ရွာထဲကို ဝင်လာတဲ့အချိန်မှာ စစ်တပ်ကဖမ်းပြီးတော့ သူ့ကို (AA) နှင့်ဆက်စပ်မှုရှိတယ်ဆိုပြီ မသင်္ကာမှုနဲ့ရိုက်တယ်။ သေနတ်ပေါင်နဲ့ရိုက်တယ်။ သူ့တစ်ခန္ဓာလုံးမှာလည်း ဒဏ်ရာတွေ ရထားတယ်။ မျက်နာမှာလည်း ဒဏ်ရာရတယ်။ ပြီးတော့ သူတို့ ကာဗာယူထားတဲ့အိမ်မှာ သူ့ကိုလှောင်ထားတယ်။ သူ့က အခု စကားပြောလို့လည်းမရဘူး။ အသက်ရှုလည်းကျပ်တယ်။ စစ်ဆေးပြီးတဲ့နောက် သူ့ကို ပြန်လွတ်ပေးလိုက်တယ်။ အခုက မိသားစု လက်ထဲကို ရောက်နေပါပြီ။ ဘုန်းကြီးကျောင်းမှာပါ˝ ဟု မိသားစုဝင် တစ်ဦးမှ ပြောသည်။
လက်ရှိ အချိန်တွင် ဖားပျော်ရွာသားများမှာ ရွာထဲတွင် ပိတ်မိနေသဖြင့် ကိုဌေးလိူင်အားလည်း မင်းပြား ဆေးရုံသို့ ယူဆောင်ရန် အခက်အခဲ ဖြစ်နေသဖြင့် အသက်အန္တာရာယ် စိုးရိမ်ရပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ရန် အကူအညီလိုအပ်နေသည်ဟု ဆိုသည်။
၄င်း ဖားပျော် (ဖားပြို) ကျေးရွာတွင် တပ်မတော်က ရွာတစ်ပိုင်းကို နေရာယူထားပြီး နောက်တစ်ပိုင်းတွင် ရွာသားများက စုပြီးနေရကြောင်း ၄င်းကဆက်ပြောသည်။
̏ ကျနော်တို့ ရွာသားတွေကို သူတို့က လွတ်ရာကိုသွားဆိုပြီး နှင်ထုတ်ထားတယ်။ ကျနော်တို့ ရွာမှာနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကို သူ့တို့ကာဗာယူထားတယ်။ ကျနော်တို့က ဘုန်းကြီးကျောင်းရှိတဲ့ အပိုင်းမှာ စုပြီးတော့ နေရတယ်˝ဟု၎င်းမှ ဆက်၍ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနေက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို နိရဥ္စရာ သတင်းဌာနက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။
မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဒဏ်ရာရရှိသွားသူ ကိုဌေးလှိုင် ကိစ္စအား မြို့နယ် တာဝန်ရှိသူများကို အကြောင်းကြားထားပြီး ဆေးရုံသို့ ယူဆောင်ရန် အရပ်ဘက် အဖွဲ့အစည်းများ၊ သံဃာတော်များနှင့် ဆွေးနွေးနေကြောင်း ပြောကြားသည်။
(ဓာတ်ပုံ- ကိုအမ်းသားကြီးပို့စ်)
---------------------------
နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၅ / ၂ဝ၂ဝ