တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်မှ လက်နက်ကြီးကျ၍ ဒဏ်ရာရရှိသည့် ကျောင်းသူ စစ်တွေဆေးရုံသို့ ရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4.5k

အောင်လင်းထွန်း
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅ ရက်/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ခမွေချောင်းကျေးရွာ မူလွန် စာသင်ကျောင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည့် စတုတ္ထတန်း ကျောင်းသူ မခိုင်မေဦးမှာ ယနေ့ နေ့လယ်က ဘူးသီးတောင်မှ  စစ်တွေဆေးရုံသို့ ရောက်ရှိ လာသည်ဟု သတင်းရရှိသည်။

“ဒဏ်ရာရတာက နှစ်ချက်ရတယ်။ မေးရိုးမှာတစ်ချက်နဲ့ လည်ပင်းနောက်ရိုးမှာ ဒဏ်ရာရခဲ့တယ်။ ခုအခြေအနေကတော့ မသိရသေးဘူး။ ဘူးသီးတောင်ဆေးရုံမှာ အဆင်မပြေလို့ စစ်တွေဆေးရုံကို လွှတ်လိုက်တာ။ စစ်တွေဆေးရုံမှာလည်း ဆေးကုသလို့အဆင်မပြေရင် ရန်ကုန်ကိုပို့ရမယ်လို့ ဘူးသီးတောင်ဆေးရုံက ဆရာဝန်ကတော့ပြောလိုက်တယ် ”ဟု ဒဏ်ရာရရှိသူ မခိုင်မေဦး၏ ဖခင် ဦးထွန်းမောင်က ပြောကြားသည်။

သူမသည် ဒဏ်ရာပြင်းထန်သည့်အတွက် ဘူးသီးတောင်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နေ့လယ် ၂ နာရီခန့်က ရောက်ရှိလာခြင်းဖြစ်သည်။

မခိုင်မေဦး (၁၁)နှစ်မှာ စတုတ္ထတန်းတွင် တက်ရောက်သင်ကြားနေသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁ဝ နာရီခန့် အတန်းထဲတွင် ထိုင်နေစဉ် လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည်။

၎င်းကျောင်းမှ ဆရာမ တစ်ဦးဖြစ်သူဒေါ်ခင်သန်းနုက “ ကျွန်မက ကျောင်းကိုလာနေတုန်း လက်နက်ကြီးကျည်ကျတာ။ အသံက အရမ်းကျယ်ပါတယ်။ ကျွန်မကျောင်းထဲကို ပြေးလာတော့ ကလေးတွေအကုန်လုံး ကျောင်းထဲက ထွက်ပြေးလာကြတယ်။ လက်နက်ကြီးကျည် ကျတာ ဆိုတော့ ကျောင်းတစ်ခုလုံး မီးခိုးတွေ ဖုံးနေတယ်။ မမြင်ရဘူး။ အဲဒီမှာ အဲဒီကလေးမရဲ့ အမေက သူ့ရဲ့ သမီးကို မတွေ့ဘူး။ မတွေ့ဘူးဆိုပြီး ကျောင်းထဲကို လိုက်ရှာကြတော့ ခင်မေဦးကို သွေးအိုင်ထဲမှာ ဒီတိုင်း ထိုင်ပြီးတွေ့တယ်။ ဘေးနားမှာ သွေးတွေလည်း အများကြီးဘဲ။ သူမလည်း ဘာမှ စကားမပြောနိုင်ဘဲ မွန်းသလို ဖြစ်နေတယ်။ အဲဒါနဲ့ သူမကို ပွေ့ယူပြီး တစ်ခါတည်း ဘူးသီးတောင်မြို့နယ် ဆေးရုံကို ပို့ဆောင်ရတယ်။ ဒဏ်ရာရတဲ့ ကလေး ၂၁ ဦးကို ဆိုင်ကယ်တွေနဲ့ ဘူးသီးတောင်ဆေးရုံကို ပို့ရတယ်” ဟု ပြောဆိုသည်။

မခိုင်မေဦးနှင့် ကျောင်းအတူ တက်နေသည့်  KG တန်းမှ  သူမ၏ ၅ နှစ်အရွယ် မောင်ဖြစ်သူ မောင်အောင်နိုင်ဆန်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၎င်းကျောင်းတွင် ကျောင်းသားကျောင်းသူ ခမီတိုင်းရင်းသား ကလေးငယ်  ၆ဝ ကျော်ခန့် ပညာသင်ကြားနေကြောင်း ဆရာမက ပြောဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသွားကြသည့် ကျောင်းသူ ကျောင်းသား ၂၁ ဦးအနက် လေးဦးမှာ ယင်းနေ့တွင် ဘူးသီးတောင်ဆေးရုံမှ ဆင်းသွားကြပြီဖြစ်သော်လည်း ကျန် ၁၆ ဦးမှာ ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟုလည်း သိရသည်။

--------------------------------

Unicode:


နိရ ဉ်စရာ၊ ဖဖျေောဝါရီ ၁၅ ရကျ/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ