တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

တိုက်ပွဲများကြောင့် သယ်ယူပို့ဆောင်ရေးပြတ်တောက်၍ ပလက်ဝတွင် ဆန်နှင့် စားသုံးကုန်များ ပြတ်လပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4.9k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီလ ၁၆/၂ဝ၂ဝ

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အစပ် ဒေသများအတွင်း တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေမှုကြောင့် ရေလမ်း၊ ကုန်လမ်း သယ်ယူပို့ဆောင်ရေး ပြတ်တောက် နေပြီး ပလက်ဝမြို့နယ်တွင် ရိက္ခာများပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ 

အထူးသဖြင့် ကုလားတန်မြစ်ကြောင်း တစ်လျှောက် ပြေးဆွဲနေသည့် လိုင်းစက်လှေများ တိုက်ပွဲကြောင့် မသွားလာနိုင်သဖြင့်  ပလက်ဝတွင် ဆန်၊ စားကုန်ပစ္စည်းများနှင့် စက်သုံးဆီများ ပြတ်လပ်ကာ အခက်တွေ့နေသည်ဟု ဒေသခံများက ပြောသည်။

ပလက်ဝမြို့မစျေးမှ ဆိုင်သည်တစ်ဦးဖြစ်သူ ဦးစိုးလှက“ကျနော်တို့ပလက်ဝမှာ ကုန်စျေးနှုန်း တက်တာက ကျောက်တော်နှင့် ပလက်ဝ အသွားအလာကို လုံးဝပြတ်တောက်နေတယ်။ တပတ်ကျော်လောက်ရှိနေပြီ။ ဆိုတော့ စက်လှေတွေက အတက်အဆင်း မရှိတဲ့အတွက် ကျောက်တော်ဘက်က ဆန်အပါအဝင် ကုန်စည်တွေက ပလက်ဝကို ပို့လို့ မရဘူး။ ဒါကြောင့် ကုန်စည်တွေ မရှိသလောက်ကို ဖြစ်နေတယ်။ ပလက်ဝမှာ ရှိသလောက်ကို ရောင်းချနေပေမယ့်  ကုန်စည်ရှားပါးလာလို့ အခု ပြည်သူတွေ ဒုက္ခရောက်နေကြပါတယ်” ဟု ပြောသည်။

ယခင်က ဆန်တစ်အိတ်လျင် နဂိုပုံမှန်စျေး ၂ သောင်းခန့်နှင့် ဝယ်လို့ရပြီး ယခုအခါ ၃ သောင်းခွဲ အထိ စျေးတက်သွားကြောင်း၊ သို့သော်လည်း ဆန်တစ်အိတ်ကို ၃ သောင်းခွဲပေး၍ ရှာမရ ဖြစ်နေကြောင်း၊ ထိုသို့ စျေးတက်သွားခြင်းမှာ ဆန်တစ်ခုတည်းမဟုတ်ဘဲ ကြက်သွန်၊ ငရုတ်သီး၊ ဓာတ်ဆီနှင့် အခြား ကုန်ပစ္စည်းများလည်း အဆမတန် စျေးတက်သွားခြင်းဖြစ်ကြောင်း ဦးစိုးလှက ဆက်ပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တစ်ပတ်ကျော်ကြာ တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် ပလက်ဝမှ ကျောက်တော်မြို့သို့ ပြေးဆွဲနေသည့် လိုင်းစက်လှေများ ရပ်နားထားရသည်ဟု သိရသည်။ 

“ပလက်ဝက လူတွေက ကျောက်တော်က ကုန်ပစ္စည်းတွေတင်မှ စားလို့ရတာ။ ကျောက်တော် တင်းမမှာ တိုက်ပွဲဖြစ်တယ်လို့ကြားပါတယ်။ အဲဒါကြောင့် စက်လှေများအသွားအလာ ပြတ်သွားတယ်လို့ ကြားတယ်။ အခုစက်လှေတွေ လားလာခွင့်မရ။ လွန်ခဲ့တဲ့ ရက်ပိုင်းကဆိုရင် ပုဏ္ဏားကျွန်းမြို့နယ်က ငှက်ပျောသီးစက်လှေတစ်စီး ဆင်းသွားတယ်။ အဲဒီတင်းမ အကွေ့မှာ ဘယ်ဘက်ကပစ်မှန်းလည်း မသိ။ သေနတ်ပစ်လို့ လူကအသက်ဘေးက လွတ်သွားတယ်။ ငှက်ပျောသီးစက်လှေတော့ မြှုပ်သွားတယ်” ဟု ၄င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ကြားကာလအတွင်း မြို့နယ်ထွေအုပ်ကလည်း လားလာခွင့် ပိတ်ပင် ထားကြောင်း၊ ထိုသို့လားလာခွင့်မရလျင် ၄င်းတို့ပလက်ဝမြို့နယ်တွင် တပတ်အတွင်း စားဝတ် နေရေး အခက်အခဲ များစွာကြုံလာနိုင်ကြောင်း၊ ဆန်ရောင်းသည့် ဆိုင်သည်များကိုလည်း အစိုးရမှ လက်မှတ်ထိုးပြီး သယ်ယူခွင့်ပေးစေလို ကြောင်း ပလက်ဝမြို့မစျေးမှ ဆိုင်သည်အချို့က ပြောသည်။

ပလက်ဝမြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းတွင်း ကန်ထရိုက်လုပ်နေသူ ဦးထွန်းဝေက “အခက်အခဲက လက်ရှိကျနော်တို့ဖြစ်တော့မှာပါ။ မနက်ဖြန် သဘက်ခါဆိုရင် ဆန်မရှိတော့ဘူး။ စစ်တပ်က ရေလိုင်းကိုပိတ်ထားတယ် အဲဒီအတွက်ကြောင့် ပါ။ လာခွင့်လာခွင့်မရတာ ၇ ရက် လောက်ရှိပါပြီ။ အခက်အခဲက ထမင်းငတ်တော့မှာပေါ့။ မရရင် ရတဲ့နေရာက ဆန်တွေကို စျေးကြီးပေးပြီး ဝယ်စားရတော့မယ်။ ကျနော်တို့က ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှာ ကန်ထရိုက် လုပ်ပါတယ်။ လမ်းကိုအမြန်ဖွင့်ပေးစေလိုပါတယ်။ ကျနော်တို့မိသားစုက စက်သုံးဆီလည်း ရောင်းတယ်။ အခုဘိလပ်မြေ နဲ့ဆီတွေဆိုလည်းအားလုံး ကျောက်တော်မှာပါ။ ပလက်ဝကို တင်လို့ မရဖြစ်နေတယ်” ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင်ထံသို့ နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက စားနပ်ရိက္ခာပြတ်တောက်သည်ကို သတင်းလာပို့လျင် ပြတ်တောက်မှုမရှိအောင် လုပ်ရမည်ဟု ပြန်လည်ဖြေကြားသည်။

“အစိုးရဌာနရဲ့အလုပ်ကိုတော့ တခြားလူကိုတော့ အတိအကျတော့ ပြောလို့မရပါဘူးခင်ဗျာ။ ကျနော်တို့မှာ ဖြစ်ပေါ်လာတဲ့အခြေအနေကို ရင်ဆိုင်ဖြေရှင်းရမှာဘဲလေ။ နည်းလမ်းပေါင်းစုံတော့ ရှာရမှာပေါ့။ သွားဖို့လာဖို့ကို ဘယ်သူ့ကိုမှ မပိတ်ပင်ပါဘူး။ တိုက်ပွဲဖြစ်လို့ မသွားဝံ့၊ မလာဝ့ံလို့ သိရတယ်။ ဘယ်သူမှတော့မတားပါဘူး သူတို့ကို။ အစိုးရဘက်ကရော ဌာနဆိုင်ရာရော အစိုးရတပ်တွေကပါ ဘာမှ တားဆီးတာမရှိပါဘူး။ သူတို့ဟာ သူတို့လျှောက်ပြောတာနေမှာပေါ့ ” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပုဏ္ဏားကျွန်းမှ စက်လှေတစ်စီးသည် ပလက်ဝမှငှက်ပျောသီးများ တင်ဆောင်ပြီး မောင်းနှင်လာစဉ် စက်လှေတစ်စီးမှာ တင်းမအကွေ့အရောက်တွင် သေနတ် ပစ်ခတ်ခံခဲ့ရကြောင်း၊ ယင်းကဲ့သို့ ဖြစ်ပွားခဲ့မှုကြောင့် အခြားစက်လှေများလည်း မသွားရဲ မလာရဲ ဖြစ်နေကြရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

---------------------------------

Unicode:

















ဆက်စပ် သတင်းများ