တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

တိုက်ပွဲကြောင့် ပလက်ဝမှ လူပေါင်း ၁ဝဝကျော် ကျောက်တော်မြို့တွင် ၁ဝ ရက်ကျော်ကြာ ပိတ်မိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 6.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၆/ ၂ဝ၂ဝ

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ လူပေါင်း ၁ဝဝ ကျော်သည် လမ်းတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် ပလက်ဝသို့ မပြန်နိုင်ဘဲ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ပိတ်မိနေကြသည်ဟု သတင်းရရှိသည်။

ပိတ်မိနေသူများ အထဲတွင် အစိုးရဝန်ထမ်းအချို့နှင့် ခရီးသွားပြည်သူများဖြစ်ပြီး ၄င်းတို့မှာ ကျောက်တော်မြို့ရှိ အသိမိတ်ဆွေနေအိမ်များနှင့် တည်းခိုရိပ်သာများတွင် ယာယီ တည်းခို နေထိုင်နေကြရသည်ဟုဆိုသည်။

ကျောက်တော်မြို့အတွင်း ပိတ်မိနေသည်မှာ ၁ဝ ရက်နီးပါးခန့်ရှိလာပြီဖြစ်၍ နေရပ်ပြန်လိုနေကြသည်ဟုလည်း ၎င်းတို့က ပြောကြသည်။

ဆက်သွယ်ရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက “လိုင်းစက်လှေမထွက်နိုင်ဘူးပေါ့နော်။ လမ်းမှာ အတိုက်ခိုက်တွေရှိနေလို့။ လိုင်းဘုတ်၊ စက်လှေတွေ မထွက်လို့ပါ။ စစ်တွေကို ရုံးကိစ္စနဲ့လာတာပါ။ ပလက်ဝမှာနေတာ ၂၁ နှစ်ရှိပါပြီ တာဝန်ထမ်းဆောင်နေတာ။ ဒီလို တစ်ခါမှ မဖြစ်ဖူးဘူး။ ကျွန်မတို့က ဆွေအိမ်မျိုးအိမ်၊ သူငယ်ချင်းအိမ်တွေမှာ စားလို့ သောက်လို့ နေလို့ရတယ်ပေါ့။ ဆွေမျိုးလည်းမရှိ၊ ရင်းနှီးတဲ့လူလည်းမရှိတဲ့ တခြားလူတွေရှိကြတယ်လေ။ ရက်ရှည်လာပြီဆိုတော့ နေရေးထိုင်ရေး၊ စားရေးသောက်ရေးတွေ အခက်ခဲဖြစ်လာမယ်”ဟု နိရဥ္စရာ သတင်းဌာနအား ပြောသည်။

နေရပ်မပြန်ရဘဲ ပိတ်မိနေသည်ကို ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား တင်ပြထားပြီး နေရပ်ပြန်နိုင်အောင် ကူညီပေးကြစေလိုသည်ဟုလည်း သူမက ပြောကြသည်။

ကျောက်တော်တွင် ပိတ်မိနေသည့် ပလက်ဝမြို့မှ ကျူရှင်ဆရာတစ်ဦးက “ကျွန်တော်တို့က သားနဲ့ သမီးဘွဲ့နှင်းသဘင်ကို သွားပြီးပြန်လာတာပါ။ သားက စစ်တွေ နည်းပညာတက္ကသိုလ်၊ သမီးက ကျောက်ဖြူ GTI မှာပါ။ ဒီလ ၄ ရက်နေ့က ထွက်လာတာပါ။ ကျွန်တော်တို့နဲ့အတူ ဒီမှာ ပိတ်မိနေတာ အယောက် တစ်ရာကျော်ရှိပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ တင်ပြထားပါတယ်။ ကျောက်တော်ကနေ ပလက်ဝကို သွားရဖို့အရေးပဲ လိုပါတယ်”ဟု ပြောသည်။

ပိတ်မိနေသူများတွင် ချင်းလူမျိုးများအပါအဝင် ဗမာနှင့် ရခိုင်လူမျိုးများလည်း ပါဝင်ပြီး ဒေသ အခြေအနေကြောင့် မသွားရဲဘဲ သောင်တင်နေသည်ဟု ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက နိရဥ္စရာကိုပြောသည်။

“ဒီမှာတိုက်ပွဲဖြစ်နေလို့ မသွားရဲတော့ သောင်တင်နေတာပါ။ လူဦးရေအတိကျတော့ မရနိုင်ဘူး။ သူများအိမ်တွေ၊ တည်းခိုခန်းတွေမှာနေကြတယ်။ ရက်ကြာလာရင်အခက်ခဲရှိမှာပေါ့။ အခက်ခဲတွေအများကြီးပါ။ အပေါ်ကို တင်ပြဖို့လုပ်နေပါတယ်”ဟု ပြောသည်။

ကျောက်တော်တွင် ချင်းလူမျိုး အပါအဝင် လူပေါင်း ၁၂ဝ ကျော်ပိတ်မိနေသည်ဟုလည်း ချင်းလူခွင့်အရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းလျံက ပြောသည်။

“ဖေဖော်ဝါရီ ၄ ရက်နေ့နောက်ပိုင်းမှာ သူတို့ ပလက်ဝကို ပြန်သွားဖို့လုပ်တဲ့အချိန်မှာ ပလက်ဝနဲ့ ကျောက်တော်ကြားမှာ စစ်ပွဲတွေဖြစ်နေလို့၊ ပြည်သူတွေ မသွားရဲတော့ဘူးပေါ့။ အဲဒါကြောင့် အခုလောလောဆယ် အသိတွေ၊ ဟိုတယ်တွေမှာ တည်းတဲ့လူတွေရှိတယ်။ ရေရှည်မှာ မဖြစ်နိုင်ဘူးပေါ့” ဟု ကိုဆလိုင်းလျံက ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသဖြင့် ကျောက်တော်မြို့နယ်အပါအဝင် မြို့နယ်တချို့တွင်လည်း ခရီးသွားပြည်သူများနှင့် ပညာရေးဝန်ထမ်းအချို့မှာ နေရပ်မပြန်နိုင်ဘဲ တိုက်ပွဲကြားတွင် ပိတ်မိနေကြခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင်လည်း ကျောက်တော်မြို့နယ် တင်းမအနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးအသံများကို အဆက်မပြတ်ကြားနေရသည်ဟု ပြောဆိုသည်။

--------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၆/ ၂ဝ၂ဝ














ဆက်စပ် သတင်းများ