တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပလက်ဝမြို့ အောင်စေတီဘုန်းတော်ကြီးကျောင်း ဆန်ပြတ်လပ်၍ ဆွမ်းအခက်အခဲရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.6k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၈/ ၂ဝ၂ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ အောင်စေတီ ဘုန်းတော်ကြီးကျောင်းတွင် ဆန်မရှိတော့သဖြင့် အာရုံဆွမ်း သုံးရန် အခက်အခဲကျရောက် ဖြစ်ပေါ်နေကြောင်း အောင်စေတီ ဓမ္မရိပ်သာ ကျောင်းဆရာတော် ဦးကုလဝံသ ဖုန်းဆက်မိန့်ကြားသည်။

“ ကျောင်းမှာက အာရုံဆွမ်းက ချက်ပြီး သုံးရတယ်။ ပို့ဆွမ်း မရှိဘူး။ အခု ပလက်ဝမြို့ပေါ်က ဆိုင်တွေမှာလည်း ဆန်တွေလည်း ဝယ်လို့ မရတော့ဘူး။ တစ်ကျောင်းလုံးမှာ ဆန်က နို့ဆီ ၄ ဗူးစာလောက်ဘဲ ကျန်တော့တယ်။ အခုက တစ်နေ့ လူတစ်ဦး တစ်ရက်စာ သုံးဗူးလိုတယ်ဆိုရင် တစ်ဗူးခွဲ အဲသလို လျော့ပြီ ချက်နေရတယ်။ မငတ်ပေမယ့် နည်းနည်း ဆွမ်းငတ်သလိုမျိုး ဖြစ်နေပြီ” ဟု ဆရာတော်က မိန့်ကြားသည်။

၎င်းအောင်စေတီဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းသည် ပလက်ဝမြို့ အရှေ့ဘက် ကုလားတန်မြစ် တစ်ဘက်ကမ်းတွင် တည်ရှိပြီး ဆရာတော်နှင့် ဦးဇင်း တစ်ပါး၊ ကိုရင် တစ်ပါး၊ ဆွမ်းတကာ တစ်ဦးသာ ရှိသော်လည်း  ပလက်ဝမြို့ပေါ်တွင်လည်း ဆန်ပြတ်လပ်နေပြီး တစ်ဆိုင်မှ ဆန်ဝယ်၍ မရတော့သဖြင့် အခက်အခဲ ဖြစ်နေကြောင်း ဆရာတော်က မိန့်ကြားသည်။ 

“ ဒီနေ့ မနက်က ဆွမ်းတော့ သုံးရတယ်။ ဒါပေမယ့် ဆန်က ကုန်သလောက်ဖြစ်နေပြီ။
အခု တကာ တကာမတွေလည်း လက်လုပ်လက်စားများတော့ ဆန်ဝယ်လို့ မရတော့ နေ့လယ်ဆွမ်းပါ ငတ်လာနိုင်တယ်။ ဆန် ဝယ်လို့ မရဘူး။ ရွာတွေမှာလည်း ဒီအတိုင်းပေါ့။ ဆိုင်တွေမှာ ဆန်တွေပြတ်နေတာ တစ်ပတ် နှစ်ပတ်ရှိနေပြီဆိုတော့ မကြာခင် အကုန်လုံး ဆန်တွေ ပြတ်ပြီး အငတ်ဘေးကျရောက်နိုင်ပါတယ်။ ဆန်ပြတ်နေတော့ ဘုန်းကြီးတွေလည်း ငတ်မှာပေါ့”ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

၎င်းပြင်ဆရာတော်က “ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ စစ်ဖြစ်နေတာကို လျော့ချပြီး လမ်းတွေကို ပြန်ဖွင့်ဖို့လိုပါတယ်။  သူတို့ ဖြစ်ရင်လည်း ဖြစ်ကြပေါ့။ ပြည်သူလူထုကို မထိခိုက်အောင် ကျောက်တော်နဲ့ ပလက်ဝ လိုင်းသွားတာတွေကို သူတို့ မရပ်တန့်အောင်၊ အားနဲ့ လမ်းတွေမှာ မတားအောင် လုပ်ရမှာပေါ့။ သူတို့လည်း ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသား ဆိုတော့ ခွင့်လွတ်ပေးရမှာပေါ့။  မဟုတ်ရင် အရပ်သား ပြည်သူတွေ အငတ်ဘေးကျပြီး အခက်အခဲ ဖြစ်ပေါ်နိုင်ပါတယ်” ဟု မိန့်ကြားသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ဆန်အပါအဝင် လိုအပ်သော ရိက္ခာပစ္စည်းများကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ကုလားတန်မြစ်ကြောင်း အတိုင်း မော်တော်ဘုတ်၊ စက်လှေများဖြင့် တင်ပို့ကြရသည်။

လက်ရှိတွင် ကျောက်တော်နှင့် ပလက်ဝအကြားတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် အသွားအလာများနှင့် သယ်ယူပို့ဆောင်ရေးမှာ  လုံးဝ ပြတ်တောက်လျှက်ရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင်သို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

ပလက်ဝမြို့ပေါ် ဒေသခံ အမျိုးသမီး တစ်ဦးက “ ပလက်ဝမှာ ဆန် အဆင်မပြေတာ မှန်ပါတယ်။ အခုက ဆိုင်တွေမှာ ရောင်းနေတဲ့ ဆန်တွေကိုလည်း ရှားလာတော့ သိမ်းထားကြပါတယ်။ မြို့ပေါ်က အိမ်တွေမှာ တစ်ပိုင်းစ၊ တစ်အိတ်ကျတော့ ကျန်ပါတယ်။ အခု သက်ဆိုင်ရာကတော့ စာရင်းကောက်နေတာတွေတော့ ရှိပါတယ်” ဟု ပြောကြားသည်။

-------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၈/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ