တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရသေ့တောင် သောင်းဒရားကျေးရွာအတွင်း လက်နက်ကြီးကျည်ကျ၍ နေအိမ်နှစ်လုံးပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၂/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာအတွင်း ယနေ့ နေ့လယ် ၂ နာရီခန့်က လက်နက်ကျည်ကျ၍ နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း သတင်းရရှိသည်။

ပျက်စီးသွားသည့် နေအိမ် ၂ လုံးမှာ ဦးထွန်းကျော်လှ၏ နေအိမ်နှင့် ဦးသိန်းမင်းနိုင်တို့၏ နေအိမ်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည် မကျမီ နေ့လယ် ၁ နာရီကျော်ခန့်က ယင်းနေဗီများအနီးတွင်  ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

သောင်းဒရားကျေးရွာမှ အုပ်ချုပ်ရေးမှူးက “မယူမြစ်ကြောင်းအတိုင်း သွားနေတဲ့ တပ်မတော် နေဗီကနေ လှမ်းပစ်တာပါ။ သိန်းမင်းနိုင်အိမ်မှာ အိမ်ခေါင်မိုးတွေ ပေါက်ပြဲသွားတယ်။ သစ်လုံးတွေ ကျိုးသွားပါတယ်။ ထွန်းကျော်လှရဲ့ အိမ်ကကျတော့ အိမ်ခေါင်မိုးတွေ ပေါက်ပြဲသွားပါတယ်။ လူတွေကတော့ ဗုံးခိုကျင်းတွေထဲ ဝင်ပုန်းနေရပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ လက်နက်ကျည်မှာ ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာဘက်မှ မယူမြစ်အတိုင်း ဆင်းလာသည့် နေဗီ တစ်စီးနှင့် ဇက် ၂ စီးတို့မှ ပစ်ခတ်လိုက်သော လက်နက် ကျည်ဖြစ်ကြောင်း သောင်းဒရားကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း “လူတွေက ဘာမှ မဖြစ် လိုက်ပါဘူး။ အိမ်က ထိခိုက်ပျက်စီးသွားပါတယ်။ လူတွေက ဗုံးခိုကျင်းထဲ ဝင်ပြေးတာ မြန်လိုက်လို့ပါ။ လက်နက်ကြီးက ၇လုံး၊ ၈ လုံးလောက် ပစ်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့်  တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

အဆိုပါ သောင်းဒရားကျေးရွာတွင် အိမ်ခြေ ၂၇ဝ ကျော်နှင့် လူဦးရေ ၁ဝဝဝ ကျော်ခန့်ရှိပြီး လက်ရှိတွင် ကျေးရွာအတွင်း လူဦးရေ ၁ဝဝ ကျော်ခန့်သာနေထိုင်ကြောင်း၊ ကျန် ရွာသားများမှာ ရသေ့တောင်မြို့နယ် ဇရပ်လှကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ရသေ့တောင်မြို့ပေါ်နှင့် စစ်တွေမြို့ပေါ် တို့တွင် ထွက်ပြေးခိုလှုံလျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက သောင်းဒရားကျေးရွာအတွင်းသို့ တပ်မတော် စစ်ကြောင်း ဝင်လာ၍ ရွာလုံးကျွတ်နီးပါး  ထွက်ပြေးခဲ့ကြပြီး ယခုအချိန်ထိ ကျေးရွာသား အများစုမှာ  ရွာကို ပြန်မလာကြတော့ဟု ကျေးရွာသားများ ပြောပြချက်အရ သိရသည်။

-------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၂/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ