တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မြို့မှ ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် သားအမိ၂ ဦး စစ်တွေဆေးရုံသို့ ရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3.9k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၂၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသွားသူ ၃ ဦးထဲမှ ဒဏ်ရာပြင်းထန်သည့် သားအမိ ၂ဦးမှာ ယနေ့ဖေဖော်ဝါရီလ ၂၃ ရက် နေ့လယ်က စစ်တွေဆေးရုံသို့ ရောက်ရှိလာသည်။

၎င်းတို့မှာ  ကျောက်တော်မြို့၊ ပိုက်သည်ရပ် ဒုံးချောင်းရပ်ကွက်မှ မိခင်ဖြစ်သူ ဒေါ်နှင်းလှဝေ (၅၆)နှစ်နှင့် သားဖြစ်သူ  မောင်ကြီး(၁၇)နှစ် တို့ဖြစ်ပြီး   ဒဏ်ရာပြင်းထန်သည့် အတွက် ကျောက်တော်ဆေးရုံမှ စစ်တွေဆေးရုံသို့ ယူဆောင်ရာရခြင်း ဖြစ်ကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောသည်။

ဒေါ်နှင်းလှဝေ၏ ခင်ပွန်းဖြစ်သူ ဦးရွှေထွန်းအောင်က “ကျနော်လည်း အိပ်ချင်မူးတူး ဖြစ်နေတာ။ စစ်ကားက ဂစ္ဆပနဒီတံတာဘက်ကို တက်တာနဲ့ ပစ်သံကြားတာနဲ့ ကျနော့်အိမ်ရှင်မနဲ့ ကျနော့်သား အိမ်မှာ လဖက်ရည်ထိုင်သောက်နေကြတာ။ ကျနော့်အိမ်ရှင်မ ကလေးကို နို့တိုက်ဖို့ နို့ဖျော်တယ်။ ဖျော်နေတဲ့အချိန်မှာ ဂျိမ်းဆိုတဲ့ အသံတစ်ခုကြားလိုက်ပြီးတာနဲ့ အဘာလေ အဘာလေဆိုပြီး လဲသွားတယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညဦးပိုင်း ၈နာရီ ၄၅ မိနစ်ခန့်တွင် ကံကြီးရှင်ဘုရားဘက်မှ စစ်ကား တစ်စီးသည် ဂစ္ဆပနဒီတံတားဘက်သို့ သွားသံကြားလိုက်ပြီးနောက် စစ်ကားတံတားအတက်တွင် လက်နက်ကြီးပစ်သံတစ်ချက် ကြားလိုက်ရကာ ထိုသို့ကျည်စထိမှန်ဒဏ်ရာ ရရှိသွားခြင်း ဖြစ်ကြောင်း ဒဏ်ရာရရှိသူများ၏ မိသားစုဝင်တစ်ဦးက မီဒီယာများသို့ ပြောသည်။

လက်နက်ကြီး ကျည်စထိမှန်မှုကြောင့် ဒေါ်နှင်းလှဝေမှာ ညာဘက်ဘေးဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဘယ်ဘက်ရှေ့ဝမ်းဗိုက်ဒဏ်ရာတစ်ချက်၊ သားဖြစ်သူ ကိုမောင်ကြီးတွင် ညာဘက် ခြေသလုံး ပွင့်ထွက်သွားပြီး အရိုးကျိုးသွားကြောင်း အိမ်ထောင်ဦးစီးတစ်ဦးဖြစ်သူ ဦးရွှေထွန်းအောင်က ပြောသည်။

“ လက်နက်ကြီးကျတဲ့ အိမ်နဲ့ ကျနော်တို့ အိမ်ဘေးနားက ခြံစည်းရိုးတစ်ခုခြားပြီးကပ်နေတာ။ အဲဒီ နေအိမ်ရဲ့ ခေါင်မိုးပေါ်မှာ လာကျတယ်။ ကျပြီးတော့ အဲဒီအိမ်ခေါင်ရိုးတောင်ကျိုးသွားတယ်။ ပထမတော့ တစ်ချက်ဘဲ လာကျပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

၎င်းတို့ ဆေးရုံရောက်သွားပြီးမှ နောက်ထပ် ၁၁ နာရီလောက်တွင် လက်နက်ကြီး နှစ်ချက်ပစ်သံကို ကြားခဲ့ရသည်ဟု ပြောဆိုသည်။

ယမန်နေ့က ထိုနေရာအနီးတွင် အပြန်လှန် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးပစ်ခံသံကြားရပြီးနောက် ထိုသို့ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ဆက်လက်ပြီး ကျောက်တော်မြို့ခံ ပရဟိတလုပ်နေသည့် အမျိုးသမီးတစ်ဦးကလည်း လက်နက်ငယ်များဖြင့် ပစ်ခတ်တာမဟုတ်ဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်သံများအမြဲလိုလို ကြားနေရသည့်အတွက် လက်နက်ငယ်အသံနှင့် လက်နက်ကြီးအသံ ကိုခွဲခြားသိနိုင်ကြောင်း ပြောသည်။

ကျောက်တော်မြို့မှ ပရဟိတလုပ်နေသည့် အမျိုးသမီးတစ်ဦးက “ကျမတို့ သိရသလောက်က အဲဒီအချိန်မှာ ၉ နာရီဆိုတော့ အိမ်ထဲက အိမ်ပြင်ကို ဘယ်သူမှမထွက်ဘူး။ မသွားပါဘူး။ စစ်တပ် ကားဘဲသွားနေတာ။ စစ်တပ်က ပစ်တဲ့အသံဘဲကြားလိုက်ရတယ်။ ထိတာနဲ့ သွေးတွေက တစ်အား ထွက်တယ်။ ထွက်တော့နီးတဲ့လူကို အကူအညီတောင်းပြီး ဆေးရုံသွားတာ။ ဆေးရုံကဆရာဝန်ကလည်း ဗိုက်ကိုထိထားတာဆိုတော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်။ ကျောက်ကပ်တွေဘာတွေထိနိုင်တယ်လို့ သူတို့ကပြောပါတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးကျည် ထိုသို့ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်ကြောင်း ကျောက်တော်မြို့ခံများက စိုးရိမ်ကြောက်လန့်မှုများရှိနေကြောင်း မြို့ခံများက ပြောသည်။

--------------------------------

Unicode:
















ဆက်စပ် သတင်းများ