- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၂၆/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ပကျေးရွာ မူဆလင်တစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ ဘုရားပြင်အောင်ပကျေးရွာမှ အသက် ၃ဝ ကျော်အရွယ် မာမတ်အီဆလင် ဖြစ်ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယနေ့ ညနေပိုင်း ၃ နာရီခွဲခန့်တွင် ဘူးသီးတောင်ညောင်ချောင်း ရဲစခန်း မြောက်ဘက် ကိုက် ၂ဝဝ ခန့်အကွာ၌ နွားကျောင်းနေစဉ် အနီးတွင် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန်ကာ ထိုသို့သေဆုံးသွားခြင်းဖြစ်ကြောင်း ညောင်ချောင်းကျေးရွာမှ ရွာလူကြီးတစ်ဦးက နိရဥ္စရာသို့ပြောသည်။
၄င်းရွာလူကြီးက“လက်နက်ကြီးပစ်သံတွေကြားနေရတယ်။ ဘယ်ကနေပစ်တယ်ဆိုတာ ကျနော်တို့က အိမ်ထဲမှာနေတဲ့အချိန်ဆိုတော့ ဘယ်ကပစ်တယ်ဆိုတာမပြောနိုင်ဘူး။ သူ့ကို ဆေးရုံကို ယူသွားတဲ့အချိန် လမ်းမှာ သွေးလွန်ပြီးသေသွားတာပါ” ဟုပြောသည်။
လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာရရှိသွား၍ ဘူးသီးတောင်ဆေးရုံသို့ ယူဆောင် သွားစဉ် အချိန်မှီဆေးကုသမှု မခံရသည့်အတွက် လမ်းတွင်သေဆုံးသွားခြင်း ဖြစ်ကြောင်း ၄င်းရွာ လူကြီးက ဆက်ပြောသည်။
“ကျနော်တို့က ပြည်သူတွေပါ။ ပြည်သူတွေက အခုလိုအပြစ်မဲ့သေနေရတယ်ဆိုရင် ကျနော်တို့ ဘဝ လုံခြုံမှုမရှိဘူးလေ။ အဲဒါဘဲပြောချင်ပါတယ်” ဟု ဘုရားပြင်အောင်ပ ကျေးရွာသားတစ်ဦးက ပြောသည်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း အဆိုပါဒဏ်ရာရရှိသွားသူမှာ သေဆုံးသွားပြီဟု ကြားသိရကြောင်း ကျေးရွာသားများအား ကိုးကားပြီး ပြောသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းတင်ပြရန် ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ နိရဥ္စရာသတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။
--------------------------------
Unicode: