တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ် ရွှေလံရွာသားအလောင်း မြေမြုပ်တွေ့ရှိ၊ တန်းပျင်းကြီးအုပ်စုမှ ပျောက်ဆုံးနေသူ ၁၃ ဦး၊ သေဆုံးသူ ၅ဦး၊ ဒဏ်ရာရသူ ၁၇ ဦးထိရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 9.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ မတ် ၂/ ၂ဝ၂ဝ

တိုက်ပွဲဖြစ်ပွားခဲ့ရာ အနီးရှိ မြောက်ဦးမြို့နယ်၊ ရွှေလံကျေးရွာမှ ဦးမောင်စောလွင် (၄၇)နှစ်၏ အလောင်းအား ယမန်နေ့က မြေကျင်းတစ်ခုတွင် မြုပ်နှံ၍ တွေ့ရှိခဲ့ပြီး ၎င်းမြို့နယ်၏ တန်းပျင်းကြီးကျေးရွာအုပ်စု ရွှေလံ၊ ဒုံးဘွေနှင့် ဘူးတလုံးကျေးရွာများမှ သေဆုံးသူ ၅ဦး၊ ဒဏ်ရာရသူ ၁၇ ဦးနှင့် ပျောက်ဆုံး နေသူ ရွာသား ၁၃ ဦးထိ ရှိကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူ ဦးမောင်စောလွင်၏ ဇနီးဖြစ်သူ ဒေါ်ငယ်မချေက “ သူ့အလောင်းကို မနေ့က အိမ်ရှေ့က ကသစ်တောမှာ မြေမြုပ်ပြီးတွေ့ပါတယ်။ သေနတ်ဒဏ်ရာတွေနဲ့ပါ။ အချက်ပေါင်းများစွာထိပါတယ်။ မနေ့က မွန်းလွဲ ၂ နာရီခွဲ က ကျွန်မတို့ အိမ်ရှေ့ ကသစ်တော ခြံစအနီးမှာ မြုပ်ထားတာကို တွေ့ရပါတယ်။ မြုပ်တဲ့ တွင်းကငယ်တော့ ခန္ဓာကိုယ် မကန်လို့ ဦးခေါင်းကို ချိုးပစ်ပြီး မြုပ်ထားတဲ့အတွက် သူ့ရုပ်ပျက်သွားပါတယ်။ ဒဏ်ရာတွေက မကန်ပါ” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်က သေနတ်ပစ်သံကြားသဖြင့် ကလေးငယ်နှစ်ဦးနှင့် သူမအား ယောကျ်ားဖြစ်သူက ဘုန်းတော်ကြီးကျောင်းသို့  ပြေးပြေး၍ အော်ဟစ်ပြောဆိုသဖြင့် သူမတို့ သားအမိသုံးဦး ထွက်ပြေးစဉ် နောက်မှ လိုက်လာသော သူမ၏ ယောကျ်ားဖြစ်သူအား ကျည်ထိမှန် သွားခဲ့ပုံရသည်ဟု ပြောကြားသည်။

“ ကျွန်မတို့က အိမ်က ပစ္စည်းတွေလည်း ယူဆောင်ခံရပါတယ်။ ချွေးမမှာ ပုတီးချေ တစ်ပင်နှင့် လက်ကောက် ၃ ကွင်း၊ သူများတွေကို ပေးဖို့ စုထားတဲ့ ငွေ ၇သိန်း၊ ဆိုလာပြား၊ အိုးကြီး တစ်လုံး၊ ဘက်ထရီအိုးနှစ်လုံး ပါသွားပါတယ်။ အိမ်ပြန်ရောက်တဲ့ အခါ မတွေ့တော့ပါ။ ကျွန်မက အမျိုးသမီးပေမယ့် အိမ်မှာ  ကျွန်မကဘဲ ဦးဆောင် လုပ်ကိုင်နေသူပါ။ ဟွန်ဒါစက် နှစ်လုံးလည်း ပျက်စီးသွားပါတယ်။ ယောကျ်ားလည်းဆုံး၊ ပစ္စည်းတွေလည်း အားလုံး ပျောက်ဆုံးသွားပါပြီ။  ကျွန်မတို့အိမ်က တိုက်ပွဲဖြစ်တဲ့ နေရာအနီးက  ကားလမ်းဘေးမှာရှိတာပါ” ဟု သားသမီး ၅ ဦး၏ မိခင် ဒေါ်ငယ်မချေ က ပြောသည်။   

တန်းပျင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွှေလံဆရာတို့မှလည်း ဦးမောင်စောလွင်အား သေနတ်ထိမှန် သေဆုံးခဲ့ပြီး စစ်သားများက မြေမြုပ်ထားခဲ့သည်ဟု ပြောဆိုသည်။

၎င်းပြင် တန်းပျင်ကြီးကျေးရွာအုပ်စုမှ တိုက်ပွဲ အတွင်း ပျောက်ဆုံးနေသူ ၁၃ ဦးရှိပြီး ထိုအထဲတွင် ရခိုင် ၆ ဦးနှင့် မူဆလင် ၇ ဦးဖြစ်ကြောင်း တန်းပျင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ပျောက်ဆုံးနေသူ ရခိုင်လူမျိုး (၆) ဦးစာရင်းမှာ ရွှေလံကျေးရွာမှ ဦးထွန်းထွန်းဝင်း (၃၅) နှစ်(ဘ) ဦးစိန်ထွန်းအောင်၊ ဦးလှမောင်သာ (၄၁) နှစ် (ဘ) ဦးစောဖြူအောင်၊ ကိုမောင်အေးမြင့် (၂၈) နှစ် (ဘ) ဦးမောင်အေးနု၊ ကိုအောင်ဋ္ဌေး(၂၆) နှစ်(ဘ) ဦးအောင်စံသာတို့ ဖြစ်ကြပြီး နောက်ထပ် နှစ်ဦးမှာ ဒုံးဘွေကျေးရွာမှ ဦးမောင်ဝိုင်း(၃၆) နှစ် (ဘ) ဦးမောင်ထွန်းလှနှင့် တန်းပျင်းကြီးကျေးရွာမှ ဦးကျော်ထွန်းအေး(၃၅)နှစ် (ဘ) ဦးရွှေလူတို့ ဖြစ်ကြသည်။

၎င်းပြင် ဘူးတလုံး မူဆလင် ကျေးရွာမှ ပျောက်ဆုံးနေသူ (၇) ဦး စာရင်းမှာ ဦးမတာယု (၃၈) နှစ် (ဘ) ဦးအီဆတ်၊ ဦးတာပွီလာ(၃၅) နှစ် (ဘ) ဦးဂျော်ဘာ၊ ဟာဘီအာလောင် (၂၃) နှစ် (ဘ) ဦးဂျာပုန်၊ ဦးချော်အာလီ (၃၈) နှစ်(ဘ) ဦးအာဒူဗျာ၊ အဒူမူလောင် (၂၅) နှစ် (ဘ) ဦးကာလာ၊ ဂျာယု (၁၇) နှစ် (ဘ) ဦးကာလာနှင့် ဦးမာဂျော်ပု (၅၂) နှစ် (ဘ) ဦးဆူလ်တန်တို့ ဖြစ်ကြသည်။

သေဆုံးသူ အလောင်း (၅) လောင်းကို ရှာဖွေတွေ့ရှိထားပြီး ၎င်းတို့အထဲတွင် ဘူးတလုံး မူဆလင်ကျေးရွာမှ ၄ လောင်းနှင့် ရွှေလံရွာမှ ဦးမောင်စောလွင်၏ အလောင်း တစ်လောင်း ဖြစ်ကြောင်း၊ ပျောက်ဆုံးနေသူများကို ဆက်လက် လိုက်လံရှာဖွေနေကြောင်း  ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“ အခု သူတို့ကို တိုက်ပွဲဖြစ်တဲ့ ကြားထဲက စစ်တပ်က ဖမ်းပြီး ကားပေါ်တင်ခေါ်သွားသလား။ ဒါမှ မဟုတ်သေသွားပြီလား ဆိုတာကိုတော့ မသိဘူး။ အခုလိုက်ရှာနေကြပါတယ်။ ကွမ်းသီးတောတွေထဲမှာ မြုပ်ထားတဲ့ မြေစာပုံတွေတွေ့တယ်ဆိုပြီး ရွာသားတွေ လိုက်ရှာနေကြပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ဒဏ်ရာရသူများမှာ ဘူးတစ်လုံးမူဆလင်ကျေးရွာမှ ၁၄ ဦးရှိပြီး မြောင်းဘွေ တိုက်နယ်ဆေးရုံတွင် ကုသနေရပြီး  တန်းပျင်းကြီးရွာမှ ဦးမောင်သိန်းရွှေနှင့် ဒေါ်စံမသိန်းတို့ လင်မယားနှစ်ဦးနှင့် ရွှေလံရွာမှ မအေးအေးနိုင် (၃၃) နှစ် (ဘ) ဦးမောင်လှသိန်း၏ တင်ပါးတွင် ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“ ရွာထဲက အိမ်တွေက ရွှေတွေငွေတွေ ယူဆောင်ခံရတာလည်း ရှိပါတယ်။ ဦးမောင်တင်စိုးနဲ့ ဒေါ်ဝင်းဝင်းဆန်းတို့အိမ်က ငွေ ၆ သိန်းနှစ်သောင်းနဲ့ ဖုန်းတစ်လုံးပါသွားတယ်။ ပီးရင် စျေးဆိုင်ပိုင်ရှင် ဒေါ်နီနီအေးအိမ်က ၁၅ပဲ ရွှေ ၄ ကျပ်ခွဲ၊ ငွေ ၆ သိန်း၊ Oppo အမျိုးအစား ဖုန်းတစ်လုံး၊ စျေးဆိုင်က ပစ္စည်းတွေ အကုန်လုံး ယူဆောင်ခံရတယ်။ ကျန်အိမ်တွေလည်း ရှိပါသေးတယ်” ဟု ရွှေလံ ဆရာတော်က မိန့်ကြားသည်။

၎င်းပြင်ဆရာတော်က မြောင်ဘွေဆေးရုံသို့ နေမကောင်း၍ ဆေးခန်းပြရန် သွားကြည့်ခဲ့ရာ သေနတ်ထိမှန်၍ ဒဏ်ရာရသူ ဘူးတလုံး မူဆလင်ကျေးရွာသား တစ်ဆယ်ကျော်ကို တွေ့ခဲ့ရကြောင်း၊ ယမန်နေ့ထိ ရွာသားများ ရွာပြင်မထွက်ရဲ၍ ဘာဖြစ်နေသည်ကို မသိရှိရသေးသော်လည်း ယနေ့တွင် မသင်္ကာဖွယ်ရာ မြေစာပုံအချို့ကို ကွမ်းသီးတောထဲနှင့် တံတားအနီးတွင် တွေ့ရှိရ၍ ရှာဖွေနေကြကြောင်း၊ ၎င်းပြင် မပေါက်ကွဲဘဲ ကျန်နေခဲ့သော လက်နက်ကြီးကျည်များလည်း နေရာအနှံ့အပြားတွင်  တွေ့ရှိရသဖြင့် စိုးရိမ်နေရကြောင်း ဆရာတော်က မိန့်ကြားသည်။

မြောက်ဦးမြို့နယ်တောင်ပိုင်း မြောင်းဘွေချေကျေးရွာနှင့် ရွှေလံ ကျေးရွာအကြားတွင် ဖေဖော်ဝါရီ ၂၉ ရက်နေ့က နံနက် ၇ နာရီခန့်က ရန်ကုန်- စစ်တွေကားလမ်းပေါ်တွင်  မြန်မာ့တပ်မတော် ကားတန်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) မှ မိုင်းခွဲပြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲ ဖြစ်ပွားကာ ယခုကဲ့သို့ လူသေဆုံးမှုနှင့် ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ်ရဲစခန်းနှင့် မြို့နယ်ထွေအုပ်သို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

--------------------------------------

Unicode:



နိရဉ်စရာ၊ မတျ ၂/ ၂ဝ၂ဝ
















ဆက်စပ် သတင်းများ