တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပြီးနောက် လက်နက်ကြီးကျည်ကျ၍ ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာမှ မူဆလင်သားအဖနှစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 537

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာအနီးတွင် ယနေ့ နံနက်စောစော ညဉ့်အချိန် တိုက်ပွဲ ဖြစ်ပွား၍ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့်  မူဆလင် သားအဖနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူမှာ အနောက်ပြင်ကျေးရွာမှ ဦးနော်ဘီဟုဆောင်း(၃၅)နှစ်နှင့် ၄င်း၏သား အိုဘာဆားလစ်(၁၆) နှစ်တို့ဖြစ်သည်။

ယနေ့ မတ်လ ၃ ရက်နေ့ညဉ့် ၁ နာရီခွဲခန့်က အနောက်ပြင်ကျေးရွာ အနောက်ဘက်ရှိ မေယူမြစ်အတွင်းရောက်ရှိနေသည့် တပ်မတော် ရေယာဉ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ အကြားမိနစ်အနည်းငယ် အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း၊ စစ်ရေယာဉ်ပေါ်မှ လက်နက်ကြီးများ ပစ်ခတ်သဖြင့် ရွာထဲတွင် တစ်လုံး ကျရောက် ပေါက်ကွဲပြီး ကျည်စထိမှန်ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဒဏ်ရာရရှိသူ ဦးနော်ဘီဟုဆောင်း က နိရဥ္စရာသို့ပြောသည်။

 “ညဉ့် ၁ နာရီကနေ စပြီးတော့ မြစ်နားမှာတိုက်ပွဲ အပြန်လှန်ဖြစ်ခဲ့ပါတယ်။ မိနစ်အနည်းငယ် ဖြစ်ခဲ့တာပါ။ မြစ်ဘက်ကနေ လာတဲ့လက်နက်ကြီးကျည် အိမ်မှာရှိတဲ့သစ်ပင်ကိုထိပြီး အဲဒီကတစ်ဆင့် နေအိမ်လှေကားကိုလာထိတာ။ လှေကားကျိုးသွားပါတယ်။ နံရံတွေလည်း ပေါက်သွားတယ်။ အဲဒီကအစတွေ လာကျတာပါ” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် နော်ဘီဟုဆောင်းတွင် နဖူးတွင် မစိုးရ ဒဏ်ရာ အနည်းငယ်ရှိသွားပြီး ၄င်း၏သားတွင် နှာခေါင်း မျက်စိအထက်တွင် ဒဏ်ရာ ရရှိသွားကြောင်း၊ ဒဏ်ရာမှာစိုးရိမ်ရသည့် အခြေအနေမရှိကြောင်း နော်ဘီဟုဆောင်းက ဆက်ပြောသည်။

“ကျနော်တို့က ပစ်သံကြားလို့ နေအိမ်ကနေထွက်ပြီးတော့ ပုန်းဖို့လုပ်နေကြတာ။ အဲဒီအချိန်မှာ အများကြီးပစ်တော့ ထွက်မပြေးနိုင်ဘဲ ကိုယ့်အိမ်မှာဘဲ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ဝပ်နေကြတာ။ အဲလိုနေတဲ့အချိန်မှာ ကျတာပါ” ဟု ၄င်းက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက လက်နက်ကြီးကျည်စထိမှန်ပြီး အနောက်ပြင်ကျေးရွာမှ မူဆလင်သားဖနှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိသွားသည်ဟု ဒေသခံများက ပြောပြချက်အရ ကြားသိရကြောင်း ပြောဆိုသည်။

ဒေသခံကျေးရွာသားများက စစ်ရေယာဉ်ပေါ်ကပစ်သည်ဟု ပြောဆိုထားသည့်အတွက် မေးမြန်းတင်ပြရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးထံသို့ ယနေ့ နံနက် ၁ဝ နာရီခန့်က ဆက်သွယ်ခဲ့ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသေးပါ။

--------------------------------

Unicode:











ဆက်စပ် သတင်းများ