တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်ကျ၍ ပလက်ဝ ဗွီဟူးရွာသစ်တွင် ရွာသားတစ်ဦးသေ၊ အိမ် ၅လုံး မီးလောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 4.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မတ် ၅ /၂ဝ၂ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဗွီဟူးရွာသစ်ကျေးရွာတွင် တိုက်လေယာဉ်မှ ပစ်သော ကျည်ထိမှန်၍ ရွာသားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရပြီး နေအိမ် ၅ လုံး မီးလောင်သွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ မောင်လုံးခိုင် (ရခိုင်လူမျိုး) ဖြစ်ပြီး ဆေးရုံကို ယူဆောင်ရာတွင် လမ်းတွင် သေဆုံးသွားသည်ဟု ကျေးရွာ လူကြီး တစ်ဦးက ပြောသည်။
 
ဗွီဟူးရွာသစ်ကျေးရွာသည် အိမ်ခြေ ၃ဝ ခန့်သာ ရှိပြီး ပလက်ဝမြို့နယ်တွင် တည်ရှိကာ မတ် ၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဂျက်တိုက်လေယာဉ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်များ ရွာထဲကို ကျရောက်ခဲ့ကာ  ကိုမောင်လုံးခိုင်(၃၅) နှစ်နှင့် သူ့၏မိခင်ဖြစ်သူ ဒေါ်ယောင်မဦးအား ထိမှန်ခဲ့သည်ဟု ဆိုသည်။

၎င်းကျေးရွာလူကြီးက “ တပ်မတော်က ဒီနေ့ ညနေ ၆ နာရီကျော်လောက်မှာ ဂျက်တိုက် လေယာဉ်နှစ်စီးနဲ့ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တဲ့ အတွက် ကျနော်တို့ ပွီးဟူးကျေးရွာက သားမိနှစ်ဦးဖြစ်ကြတဲ့  မောင်လုံးခိုင်နဲ့ ဒေါ်ယောင်မဦးတို့ ဒဏ်ရာရပါတယ်။ မောင်လုံးခိုင်က ညာဘက်ဘေးစက ကျည်ဆံဝင်သွားပြီး ချက်နားက ပြန်ထွက်သွားတဲ့ အတွက် ဒဏ်ရာ ပြင်းပါတယ်။ သူ့အမေမှာတော့ ညဘက်လက်မောင်းမှာ ဒဏ်ရာရရှိသွားပေမယ့် စိုးရိမ်စရာ မရှိပါ။ ဒါနဲ့ ကျောက်တော်ဘက်ကို စက်လှေနဲ့ ကုလားတန်မြစ်အတိုင်း ယူမယ်လုပ်တော့ လမ်းခရီးမှာ တောင်ရှည်တောင် ရှိပါတယ်။ အဲဒီမှာ စစ်ကြောင်းတွေက လာလာသမျှ စက်လှေတွေကို သေနတ်နဲ့ ပစ်ခတ်မှုတွေရှိတဲ့ အတွက်  ဘယ်သူမှ မသွားရဲတာကြောင့် ပီးချောင်းဘက်ကို လူနာကို ထမ်းပြီး ယူဆောင်ပါတယ်။ အဲဒါမှာ လမ်းမှာဆုံးသွားပါတယ်” ဟု ပြောကြားသည်။  

ကိုမောင်လုံးခိုင်ကို သေဆုံးပြီးနောက် သဲပုံရွာတွင် သင်္ဂြိုလ်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။ 

ဗွီဟူးရွာသစ်မှ လက်နက်ကြီးကျရောက်၍ မီးလောင်သွားသော အိမ်များမှာ ဒေါ်ယောင်မဦး၊ ဦးစောထွန်းမောင်၊ ဦးအေးထွန်း၊  စံဖော်အောင်နှင့် ကျော်သိန်းအိမ်တို့ဖြစ်ပြီး အိမ်အချို့တွင် စပါးများ လှောင်ထားသဖြင့် ယနေ့နံနက်ချိန်ထိ စပါးများ မီးလောင်နေကြောင်း ကျေးရွာသား တစ်ဦးက ပြောကြသည်။

၎င်းက “မနေ့က  တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူး။ သူတို့က အနီးအနားက တောင်တန်းတွေကို တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ နေ့လယ် ၁၂ နာရီ လောက်ကနေ မကြာ မကြာ လာပစ်ကြတာပါ။ သူတို့ သားအမိက ကိုယ့်အိမ်မှာ ကိုယ်နေတဲ့အချိန်မှာ ညနေ ၆ နာရီလောက်မှာ ကျည်က အိမ်ထဲကို လာကျတာပါ။ မိခင်ဖြစ်သူ ဒေါ်ယောင်မဦးက စိုးရိမ်စရာမရှိပါ။ အိမ် ၅လုံးလည်း မီးလောင်သွားပါတယ်˝ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

-----------------------------------

Unicode:


နိရဉ်စရာ၊ မတျ ၅ /၂ဝ၂ဝ


 








ဆက်စပ် သတင်းများ