- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၁၂/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျော်ရွှီပြင်ကျေးရွာမှ လက်နက်ကြီး ကျည်စ ထိမှန်ထားသည့် လူငယ်တစ်ဦးကို ကျောက်တော်ဆေးရုံသို့ အချိန်မီ ပို့ဆောင်နိုင်ရေး အတွက် တတ်နိုင်သူများ ကူညီကြရန် မိသားစုများမှ မေတ္တာရပ်ခံလိုက်သည်။
မောင်ကျော်မျိုးထွန်း၏ အစ်ကိုဖြစ်သူ ကိုထွန်းနိုင်က “ညာဘက်လက်မောင်း ကိုထိပြီး လက်မောင်း ပေါက်ထွက်သွားတယ်။ ဆေးရုံကို ပို့ဆောင်လို့မရပါ။ ရွာက ထွက်ရင် တပ်မတော်က သေနတ်နဲ့ လှမ်းပစ်ပါတယ်။ မီးဝကိုသွားရင်လည်း လူမြင်ရင် လှမ်းပစ်ပါတယ်။ သွားလို့မရဘူး။ ကျနော်ညီက ဒဏ်ရာနဲ့ ကျော်ရွှီပြင် ရွာမှာဘဲ ရှိသေးတယ်။ ဒါကြောင့် ကျွန်တော်ညီ ဆေးရုံပို့နိုင်ရေး အတွက် ကူညီပေးကြဖို့ ပြောလိုပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဦးမြအောင်ကျော်၏သားဖြစ်သူ အသက်(၂ဝ) အရွယ် မောင်ကျော်မျိုးထွန်းသည် မတ်လ ၁၁ ရက်နေ့ညဉ့် ၁နာရီခွဲ၌ နေအိမ်အတွင်း အိပ်နေချိန် ရဟတ်ယာဉ်ပေါ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ နေအိမ်အတွင်းသို့ ကျရောက်ပေါက်ကွဲ၍ နေအိမ်မီးလောင်သဖြင့် ထွက်ပြေးချိန်တွင် ထပ်မံပစ်ခတ်ခံရမှုကြောင့် လက်မောင်းကို ကျည်စထိမှန်ကာ ထိုသို့ ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း အစ်ကိုဖြစ်သူ ကိုထွန်းနိုင်က ဆက်လက် ပြောဆိုသည်။
“အခုက ကျွန်တော့်ညီလေးဒဏ်ရာကို ထည့်စရာဆေးမရှိလို့ ဆေးဝါရည် ထည့်ပေးထားပါတယ်။ ဆေးဝယ်စရာ နေရာလည်းမရှိတော့ အရမ်းကိုအခက်အခဲ ဖြစ်နေပါတယ်။ စိုးရိမ်နေရပါတယ်” ဟု ၄င်းက ပြောသည်။
ကျော်ရွှီပြင်ကျေးရွာနှင့် မိုင်ဝက်ခန့်အကွာ ကျောက်တန်းနှင့် မုန့်သန်းပြင်ကျေးရွာ ကြားတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားလျက်ရှိနေပြီး ယင်းတိုက်ပွဲကြောင့် ရွာတွင် ကျန်ရှိနေသည့် ကျော်ရွှီပြင် ကျေးရွာသားများ အနေဖြင့်လည်း မကြာခဏ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုများ ရှိနေသဖြင့် အထူးစိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောဆိုသည်။
မတ်လ ၁ဝ ရက်နေ့ကလည်း အောင်သာယာကျေးရွာ နေအိမ်တစ်လုံးအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂ဝ အရွယ် အမျိုးသမီးငယ်တစ်ဦး ဖြစ်သူ မနိုင်နိုင်သန်း ပွဲချင်းပြီး သေဆုံးသလို ကလေးငယ်များ အပါအဝင် ရွာသား ၇ ဦးဒဏ်ရာရရှိခဲ့သည်။ ကျေးရွာအတွင်း နေအိမ်အချို့လည်းပျက်စီးခဲ့ကြောင်း သိရသည်။
၎င်းပြင် ကျော်ရွှီပြင်ကျေးရွာသို့ စစ်ရှောင်လာသူ မုန့်သန်းပြင်ကျေးရွာမှ ဒေါ်မချေ (၄ဝ) နှစ် သည်လည်း မတ်လ ၁၁ နေ့ ညဉ့် ၁ နာရီ အချိန်တွင် လေယာဉ်ပေါ်မှ ပစ်ခတ်သော ကျည်ဆံ ထိမှန်၍ သေဆုံးခဲ့သလို ပြိုင်းတိုင်း အောင်နိုင်ထွန်း (၁၈) နှစ်သည်လည်း မိသားစုနှင့် အတူ စစ်ရှောင်ရန် ထွက်ပြေးလာပြီး သံပုရာထောင့် ကူးတို့ဆိပ်တွင် လှေစောင့်နေစဉ် လက်နက်ကြီး ကျည်ကျစ ထိမှန် သေဆုံးခဲ့သည်။
-------------------------------------
Unicode: