- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ချစ်အိလှိုင်
နိရဥ္စရာ ၊ မတ် ၁၃/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာတွင် သေနတ်ကျည်ထိမှန်၍ စစ်ရှောင် လာသူ အမျိုးသမီးငယ်တစ်ဦးနှင့် လူငယ်တစ်ဦး အပါအဝင် သုံးဦး သေဆုံးပြီး၊ နောက်နှစ်ဦး ဒဏ်ရာရရှိကာ နေအိမ်အများအပြားလည်း မီးလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။
သေဆုံးသူမှာ ကျောက်တော်မြို့နယ် သာစည်ကျေးရွာမှ ဦးအောင်သောင်းရွှေ၏ သား မောင်ကျော်ဘု(၂၃)နှစ်၊ ပြိုင်းတိုင်းကျေးရွာမှ ၄င်းကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသူ မသိန်းစော (၁၈)နှစ် (ဘ) ဦးမောင်ကျော်လှနှင့် ဦးညွှန့်လှ (၅၆) နှစ် (ဘ) ဦးညိုထွန်းအောင် တို့ဖြစ်ကြသည်။
သေဆုံးသွားခဲ့သူ မောင်ကျော်ဘု၏ ညီငယ် မောင်ဝင်းကျော်လှိုင် အသက်(၁၉)နှစ် ကျောကုန်းတွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နောက်ထပ် ဒဏ်ရာရသူတစ်ဦးမှာ ဦးစောမြအောင် (၅၄) နှစ် ဖြစ်ကြောင်း၊ မောင်ဝင်းကျော်လှိုင်မှာ ဒဏ်ရာပြင်းထန်ပြီး အရေးပေါ် ဆေးရုံသို့ ပို့ဆောင် ကုသရန် လိုအပ်နေကြောင်း သာစည် ကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။
“ရွာနားက ကားလမ်းပေါ်ကနေစပစ်တာ။ ရွာထဲကိုပစ်တယ်။ စစ်သားတွေပစ်တာပေါ့။ ဘယ်သူ ပစ်မလဲ။ အခု ဗုံးတွင်းထဲကနေ ပြောနေရတာ ရွာထဲမှာစစ်သားတွေရှိသေးတယ်။ တိုက်ပွဲ ဖြစ်တာ မဟုတ်ပဲနဲ့ သူတို့ ကားလမ်းကနေဖြတ်သွားပြီး ရွာထဲဝင်ပြီးပစ်တာ။ သေတဲ့ လူတွေကို လည်း ဒီတိုင်း ၊ဒဏ်ရာရတဲ့လူလည်း ဒီတိုင်းပဲရှိသေးတယ်။ ဘယ်သူမှ ထွက်မကြည့်ရဲဘူး။ ဒဏ်ရာရတဲ့ သူတွေလည်း များနေပါတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
သေနတ်များဖြင့် အဆက်မပြတ်ပစ်ခတ်သဖြင့် ရွာသားမျာ နေအိမ်အောက်များနှင့် ဗုံးခိုကျင်းများတွင် ပုန်းခိုနေကြရပြီး သေဆုံးသူများမှာ ဗုံးတွင်းတွင် ပုန်းနေစဉ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကျေးရွာမှ ဒေသခံအမျိုး သမီးတစ်ဦးက ပြောသည်။
“ရွာထဲကိုဝင်ပစ်တာ။ အိမ်တွေကို ရှေ့မှာတင်ကြည့်လို့ပစ်တာ။ ကျွန်မတို့ အခုထိ ဗုံးတွင်းထဲမှာပဲ ရှိနေပါသေးတယ်။ သေတဲ့လူတွေကို ဒီတိုင်းတွင်းထဲကို ပစ်ထည့်ခဲ့တာ။ ရွာထဲက တချို့ကိုလည်း သေနတ်ဘောင်တွေနဲ့ထုလို့ ဒဏ်ရာရတဲ့လူတွေလည်းရှိတယ်။ ဒဏ်ရာရတဲ့လူ အရေတွက် မသိ ရသေးဘူး။ ညီအစ်ကိုနှစ်ယောက်မှာ အစ်ကိုဖြစ်သူသေပြီး သူ့ညီလေးလည်း ဒဏ်ရာ ပြင်းတယ်” ဟု ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က နိရဥ္စရာမှ ဆက်သွယ်ရာတွင် ၄င်းအမျိုးသမီးက ပြောသည်။
လက်နက်ကြီးကျည်ကျ၍ မီးလောင်နေသည့် နေအိမ်မှာ (၁၄) လုံးရှိပြီး ဒေါ်ဝါနု၊ ဦးလှသိန်း၊ ဦးစိုးမြအောင်၊ ဦးသောင်းလှအေး၊ ဦးရွှေဘဖြူ၊ ဒေါ်သန်းအေးခိုင်၊ ဦးမောင်သာထွန်း၊ ဒေါ်ကြည်ကြည်အေး၊ ဦးမောင်မောင်မြင့်၊ ဒေါ်ဦးညွှန့်စိန်၊ ဒေါ်လှယဉ်နု၊ ဦးမောင်ဝင်းတင်၊ ဦးသန်းကျော် နှင့် ဦးထွန်းအေးသာ သမီးဖြစ်သူ နေအိမ်တို့ ဖြစ်ကြောင်း၊ ၎င်းအိမ်များမှာ မီးလောင် ပြာကျသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
၄င်းသာစည်ကျေးရွာတွင် အိမ်ခြေ(၄ဝ၁)ဆောင်ရှိပြီး လူဦးရေ ၂ဝဝဝ ကျော် နေထိုင်ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။
ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က “မျောက်တောင်ကနေ ဖုန်းဆက် အကြောင်းကြားလာတယ်။ သာစည်ရွာမှာ ၃ ယောက်သေတယ်လို့ သိရတယ်။ စစ်သား တွေတော့ အဲဒီနားမှာရှိတယ်။ ပစ်နေတယ်လို့ပြောတယ်။ တိုက်ပွဲဖြစ် မဖြစ်မသိဘူး။ သေနတ်တွေနဲ့ပ စ်နေတာမြင်ရတယ်လို့ပြောတယ်။ သာစည်မှာ အိမ်တွေ မီးလောင်နေတယ်လို့ သိရတယ်။ ဒဏ်ရာ ရတဲ့လူအရေတွက်တော့ မသိရသေးဘူး”ဟု ပြောသည်။
ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်သို့ ညနေ ၃ နာရီ ၅ မိနစ်က ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။
----------------------------------------
Unicode:
နိရဉ်စရာ ၊ မတျ ၁၃/ ၂ဝ၂ဝ