- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၂၄/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်နက်ကြီးကျည်ကျ၍ ချဲကျေးရွာထဲ တိုက်ပွဲမှ လက်နက်ကြီးကျည်ကျ၍ ချင်းတိုင်းရင်းသား ကလေးငယ် တစ်ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရကာ ယင်းအထဲမှ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ရသည်ဟု သတင်းရရှိသည်။
မတ် ၂၃ ရက်နေ့က တိုင်းဗဟို ၉ လေ့ကျင့်ရေး ကျောင်းတွင် AAအေအေမှ ဝင်ရောက် တိုက်ခိုက်၍ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်များ ရွာထဲသို့ ကျရောက်ခဲ့ကာ အသက် (၁ဝ)နှစ် အရွယ် ကလေးငယ် တစ်ဦးဖြစ်သူ မောင်ဘီတင်မှာ သေဆုံးသွားခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။
ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ရသူ နှစ်ဦးမှာ ဦးစနီအောင် (၄၇)နှစ်နှင့် ၇ တန်းကျောင်းသား မောင်ထွန်းထွန်းအေး(၁၃)နှစ် တို့ဖြစ်ကြသည်။
ဒဏ်ရာရရှိခဲ့သူများမှာ ဦးစနီအောင် (၄၇)နှစ်နှင့် ၇ တန်းကျောင်းသား မောင်ထွန်းထွန်းအေး(၁၃)နှစ်တို့ အပြင် မခင်ခင်မြင့်(၇)နှစ်၊ ၉ တန်းကျောင်းသား မောင်ဝင်းနိုင်(၁၇)နှစ်၊ ၁ဝတန်းကျောင်းသား နိုင်ချစ်ဦး(၁၆)နှစ်၊ ၁ဝတန်းကျောင်းသား မောင်ကျော်ဝင်း(၁၆)နှစ် ၊ ၈ တန်း ကျောင်းသားမောင်စိုးနိုင်(၁၅)နှစ်၊ ၇ တန်းကျောင်းသူ မခင်ခင်စိုး(၁၃)နှစ်၊ အသက် တစ်နှစ်နှင့် ငါးလ အရွယ် မောင်သန်းအေး၊ ဦးခင်မောင်တင်(၃၉)နှစ်၊ ဦးဇနီဦး(၄၂)နှစ်၊ ဒေါ်မစောလှ(၃၅)နှစ်၊ ဦးမြနု( ၅၃)နှစ်၊ ဦးအောင်သာချေ (၅၄)နှစ်နှင့် ဦးဌေးအောင်(၈၁)နှစ်တို့ဖြစ်ကြကြောင်း သိရသည်။
ဒဏ်ရာရရှိခဲ့သူ ဦးအောင်သာချေက “ကျွန်တော်တို့ ရွာနားကတိုင်းဗဟို ၉ မှာ မနက်စောစောကနေ တိုက်ပွဲဖြစ်ကြပါတယ်။ နေ့လယ် ၂ နာရီလောက်မှာ ဂျက်လေယာဉ်နဲ့ ရွာလယ်လမ်းမတလျှောက်မှာ ဗုန်းလာကြဲသွားတာပါ။ တစ်နေ့လုံးပစ်ကြပါတယ်။ ညနေ ၅နာရီထိပါ။ ဆေးရုံတင်ရတဲ့အထဲက ဇနီအောင်တို့သားအဖကို မင်းပြားဆေးရုံက လက်မခံလို့ စစ်တွေဆေးရုံယူသွားပါတယ်”ဟု ပြောသည်။
ဒဏ်ရာရရှိသူများအားလိုက်ပါ ဆောင်ရွက်ပေးနေသူ သင်္ဂဟကမ်းလက် ပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက “သူတို့က ရခိုင်စကားတောင် သိပ်မပြောတတ်ကြဘူး။ အများစုက တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံရောက်လာကြတာ။ မနေ့က ကမ်းနီ တိုင်းဗဟို ၉ တိုက်ပွဲဖြစ်တော့ ဂျက်တိုက်လေယာဉ်ပေါ်က လက်နက်ကြီးတွေ ရွာပေါ်ကို ကျပြီး ဒဏ်ရာရခဲ့ကြတာလို့ အဲဒီက ရွာသားတွေကပြောတယ်။ အခုအဲဒီထဲက နှစ်ယောက်ကို စစ်တွေဆေးရုံပို့လိုက်ရပါတယ်” ဟုပြောသည်။
မတ်လ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ကမ်းနီရှိ တိုင်းဗဟို(၉) တန်းမြင့်လေ့ကျင့်ရေးကျောင်းအား အေအေတပ်ဖွဲ့ အင်အား ၃ဝဝ ခန့်မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်မှ ဂျက်တိုက်လေယာဉ်များဖြင့် ပြန်လည်တိုက်ခိုက်ရာ လက်နက်င်္ကြီးကျည်များ ရွာထဲကျရောက်ပေါက်ကွဲခဲ့သည်ဟု ရွာသားများက ပြောကြားသည်။
၄င်းချဲကျေးရွာတွင် အိမ်ခြေ ၁၈၇ ဆောင်ရှိပြီး လူဦးရေ ၉ဝဝ ကျော်နေထိုင်ကြောင်း ၊ ချင်း နှင့် ရခိုင်လူမျိုးများ ပူးပေါင်း နေထိုင်ကြကြောင်း၊ ယမန်နေ့က ဒဏ်ရာရရှိသူအားလုံးမှာ ချင်းလူမျိုးများဖြစ်ကြောင်း သိရသည်။
---------------------------------------