- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၃ဝ/၂ဝ၂ဝ
ကျောက်တော်မြို့့နယ် အောင်သာယာကျေးရွာမှ ဗုံးခိုကျင်းထဲ လက်နက်ကြီးကျည်ကျ၍ စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေရသည့် မရီရီသန်း (၁၇) နှစ်သည် ၂၁ ရက်မြောက် သည့်နေ့ ယနေ့တွင် သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ညီအစ်မ နှစ်ဦးဖြစ်ကြသည့် အစ်မဖြစ်သူမနိုင်နိုင်သန်း (၂ဝ)နှစ်နှင့် ညီမဖြစ်သူ မရီရီသန်း (၁၇)နှစ် တို့သည် လွန်ခဲ့သည့် မတ်လ ၉ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်က ကျောက်တော်မြို့နယ် အောင်သာယာ ကျေးရွာမှ နေအိမ်ရှိ ဗုံးခိုကျင်းတွင် လက်နက်ကြီး ပစ်ခတ်သံများကြောင့် ခိုအောင်းနေစဉ် လက်နက်ကြီး ကျည်တစ်လုံး ဗုံးတွင်းထဲ ကျရောက်ပေါက်ကွဲ၍ အစ်မဖြစ်သူ မနိုင်နိုင်သန်းမှာ ပွဲချင်းပြီး သေဆုံးကာ ညီမဖြစ်သူ မရီရီသန်းမှာ ဦးခေါင်းတွင် ကျည်ဆံထိမှန်ကာ ပြင်းထန်စွာ ဒဏ်ရာရှိခဲ့သည်။ တစ်ခြားရွာသား ခုနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
၎င်းနောက် လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် မရီရီသန်းအား လမ်းခရီးတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်ကြားမှ ခက်ခက်ခဲခဲဖြင့် ယူဆောင်ကာ စစ်တွေဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့ရသည်။
ဒဏ်ရာမှာ သက်သာလာပျောက်ကင်းလာ၍ မတ်လ ၂၈ ရက်နေ့က ဆေးရုံမှဆင်းပြီး စစ်တွေမြ်ို့ အလိုတော်ပြည့် ဘုန်းတော်ကြီး ကျောင်းတွင် ခိုလှုံနေရာမှ ယနေ့ နံနက်ပိုင်းတွင် အဖျားတက်ပြီး သတိလစ်သွားသဖြင့် စစ်တွေဆေးရုံကြီးတွင် ပြန်လည် ဆေးကုသခံယူနေစဉ် ယနေ့ နံနက် ၁ဝ နာရီခန့်က သေဆုံးသွားကြောင်း မရီရီသန်း၏ ဖခင်ဖြစ်သူ ဦးအေးကျော်မောင်က ပြောသည်။
“ ဒီလ ၂၈ ရက် စနေနေ့က ဆေးရုံကဆင်းပြီးတော့ အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှာ နေပါတယ်။ ဒီနေ့ပြန်မသက်သာလို့ ဆေးရုံပြန်ပို့တာ ၁ဝ နာရီလောက်မှာ ဆုံးသွားပါတယ်” ဟု ဖခင်ဖြစ်သူက ပြောသည်။
သေဆုံးသွားသည့် မရီရီသန်းအား ရင်ခွဲစစ်ဆေးပြီး စစ်တွေတွင်သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း မည်သည့်အချိန်သင်္ဂြိုလ်ဖြစ်မည်ကို မပြောနိုင်သေးကြောင်း ဖခင်ဖြစ်သူက ဆက်ပြောသည်။
-----------------------------
Unicode: