တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ခေါ်ယူသွားသည့် ဝေသာလီကျေးသားနှစ်ဦးတို့ ပြန်မရောက်လာ၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 7.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၂၅ / ၂ဝ၂ဝ

မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာသို့ ယမန်နေ့က ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတစ်ခုက ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း မရှိကြောင်း ရွာသားများကိုလက်မှတ်ထိုးခိုင်းပြီးနောက် ရွာမှသက်ကြီး ရွယ်အိုတစ်ဦးအပါအဝင် ရွာသားနှစ်ဦးကို ခေါ်ယူသွားခဲ့ပြီး ယနေ့ထိ သူတို့နှစ်ဦးမှာ ပြန်မရောက်သေးသဖြင့် စိုးရိမ်နေကြသည်ဟု မိသားစုများက ပြောကြားသည်။ 

မျက်မြင်တစ်ဦးဖြစ်သူ ဝေသာလီ ကျေးရွာမှ ဒေါ်ဦးသိန်းလှက “သူတို့ မနက်က ရွာထဲကို  ဝင်လာတယ်။  အစည်းအဝေး ပြောဖို့ဆိုပြီးတော့ ရွာသားတွေကို စာသင်ကျောင်းကိုခေါ်တယ်။ ရွာမှာက လူ့ ၁ဝ ယောက်လောက်ဘဲရှိပါတယ်။ အစည်းအဝေးမှာ သူတို့က ရွာထဲမှာ အေအေတွေရှိလာဆိုပြီးတော့မေးတယ်။ ရပ်သူ၊ ရွာသားတွေကို ဘာမှ မလုပ်ဘူး။ ကိုယ့်အိမ်ကိုယ့်ယာမှာနေလို့ရတယ်။ ဘာမှ မလုပ်ဘူးလို့ပြောတယ်။ နောက်ပြီးတော့ သူတို့မှာ စာရွက်တစ်ရွက်ပါလာတယ်။ အဲဒါကို မောင်စိုးတင်ကို ဖတ်ပြဖို့ခိုင်းတယ်။ အဲဒီ စာရွက်မှာ တပ်မတော်သားတွေ ရွာထဲကိုလာရင် ရွာသားတွေကို မဖမ်း၊ မနှိပ်စက်ဆိုပြီးတော့ပါတယ်။ နောက်ပြီးတော့ အဲဒီစာရွက်မှာ ကျမတို့ကို လက်မှတ်ထိုးခိုင်းတယ်။ ကျမတု့ိလည်း လက်မှတ်ထိုးခဲ့ရတယ်။ လက်မှတ်ထိုးပြီးတဲ့အခါ ကျမတို့မိန်းမတွေကို ပြန်လွှတ်ပြီးတော့ ရွာမှာရှိနေတဲ့ ယောကျာ်းနှစ်ယောက်ကို ခေါ်သွားတယ် ” ဟု ပြောသည်။

ခေါ်ဆောင်ခံရသူနှစ်ဦးမှာ ဝေသာလီကျေးရွာမှ ဦးမှဲ့နီ အသက် (၇၈) နှစ်နှင့် ဦးမောင်စိုးတင်အသက် (၅ဝ) ကျော်တို့ဖြစ်ကြသည်ဟု ပြောဆိုသည်။  

ဦးမှဲ့နီ၏သားဖြစ်သူ ကိုဝင်းမောင်သာက “ မနေ့ မနက်က ခေါ်သွားတာပါ။ မေလ ၂၄ ရက်နေ့မနက်ပါ။  ဘယ်နေရာကို ခေါ်သွားတယ်။ ဘယ်မှာရှိတယ်ဆိုတာကိုလည်း ကျနော်တို့ မသိရသေးဘူး။ အဖေတို့ လွတ်တယ်။ မလွတ်ဆိုတာကိုလည်း မသိရှိရဘူး။ သတင်းတွေ အမျိုးမျိုးထွက်နေတော့ အခုကအားလုံး စိတ်ပူနေကြတယ်။ အသက်တွေလည်း ကြီးနေပြီး ပြန်ပြီးတော့ လွတ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

၎င်းပြင် အနီးဝန်းကျင်တွင် တိုက်ပွဲလည်း မကြာခဏဖြစ်နေသဖြင့် ဖခင်ဖြစ်သူအတွက် အသက်အန္တရာယ် စိုးရိမ်မိသည်ဟု ၎င်းက ပြောသည်။ 

အမည်မဖော်လိုသော ကျေးရွာသားတစ်ဦးက “မနေ့ မနက်အစောပိုင်း ၃နာရီကျော်လောက်က ကျနော်တို့ရွာ မြောက်ဘက် ဘုရားကြီးနားမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ မနက် ၈ နာရီလောက်မှာ တပ်မတော် သားတွေက ဝေသာလီ ရွာထဲကိုဝင်လာတယ်။ သူတို့ အထွက်မှာ နှစ်ယောက်ကို ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာကိုလည်း ကျနော်တို့မသိဘူး။ သူတို့သေပြီဆိုတဲ့ ကောလာဟလ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေတဲ့အတွက် မိသားစုဝင်တွေက အရမ်းစိတ်မကောင်း ဖြစ်နေကြတယ် ”ဟု ပြောသည်။

မေလ ၂၄ ရက်နေ့ နံနက် ၃ နာရီကျော်က ဝေသာလီကျေးရွာမြောက်ဖက် တစ်မိုင်ခန့်အကွာ တစ်ပင်တိုင်ခွဆုံ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၅ နာရီကျော်မှ သေနတ်ပစ်ခတ်သံများ စဲသွားသည်ဟု ဆိုသည်။ ယင်းနေရာ အနီးတစ်ဝိုက်တွင် ယခင်ကလည်း မကြာခဏတိုက်ပြွဲဖစ်ပွားခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

၎င်းကျေးရွာသားများမှာ ၂ဝ၁၉၊ ဒီဇင်ဘာလမှစ၍ ရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲများမကြာခဏဖြစ်ပွားမှုကြောင့် ရွာကို စွန့်ခွာကာ နီးစပ်ရာစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ အဖမ်းခံရတယ်လို့တော့ ကြားတယ်။ သို့သော်လည်း သူတို့ကို ဘယ်ကဖမ်းတယ်။ ဘယ်ကို ယူသွားတယ် ဆိုတာကို အတိကျတော့ မပြောနိုင်သေးဘူး။ မိသားစုဝင်တွေဆီကလည်း အကြောင်းကြားလာတာတွေ မရှိသေးဘူး။ ကြားလူတစ်ယောက်ပြောထားတာတော့ ရှိတယ်။ အဲဒီလောက်နဲ့ သတင်းကို အတည်ပြုလို့ မရသေးဘူး။ အတည်ပြုဖို့ ခက်နေသေးတယ်” ဟု ပြောကြားခဲ့သည်။

၎င်းဝေသာလီကျေးရွာမှာ မြောက်ဦးမြို့မြောက်ဖက် ၅ မိုင်ကျော်အကွာတွင်တည်ရှိပြီး အိမ်ခြေ ၃ဝဝ ကျော်နှင့် လူဦးရေ ၁ဝဝဝ ကျော်ခန့်ရှိကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ