တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ဝေသာလီကျေးရွာသားနှစ်ဦး ပြန်လည်လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 4.7k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၂၆ / ၂ဝ၂ဝ

တပ်မတော်စစ်ကြောင်းတစ်ခုမှ ခေါ်ဆောင်သွားသော မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာသားနှစ်ဦးမှာ ယမန်နေ့ (မေ ၂၅) ညနေ့ ၅ နာရီအချိန်ခန့်က ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုများက ပြောကြားသည်။

လွတ်မြောက်လာသော ကျေးရွာသားနှစ်ဦးမှာ ဦးမှဲ့နီ အသက် (၇၈) နှင့် ဦးမောင်စိုးတင် အသက် (၅ဝ)ကျော်တို့ဖြစ်ကြသည်။

၎င်းတို့ကို မေလ ၂၄ ရက်နေ့ မနက်က ဝေသာလီရွာအနီး တိုက်ပွဲ ဖြစ်ပွားပြီး ရွာထဲသို့ ဝင်လာသော တပ်မတော်စစ်ကြောင်းတစ်ခု ခေါ်ယူသွားခြင်းဖြစ်ကြောင်း ကျေးရွာသားများ၏ ပြောပြချက်အရ သိရှိရသည်။

ဦးမှဲ့နီ၏သားကြီးဖြစ်သူ ဦးမောင်သန်းမြက “ကျန်းကျန်းမာမာပြန်လွှတ်လာတာပါ။ ခြိမ်းခြောက်၊ ရိုက်နှက်တာတွေလည်း မရှိပါဘူး။ သူတို့်ကို ဝေသာလီမြောက်ဖက်ကျေးရွာနားက လက္ကာကျေးရွာနားဆီ ခေါ်ယူသွားတာပါ။ သူတို့က လမ်းပြ အဖြစ်ခေါ်ယူသွားတဲ့ သဘောပါ။ မနေ့က ညနေ ၅ နာရီလောက်မှာ ရွာနားကိုလာပြီးတော့ လွတ်ပေးလာတယ်”ဟု ပြောသည်။

တိုက်ပွဲ ဖြစ်ပွားနေသည့်ကာလအတွင်း တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ ကျန်းကျန်းမာမာ ပြန်လွှတ်လာသည့်အတွက် ကျေးရွာသားများနှင့် မိသားစုဝင်များမှာ ဝမ်းသာနေကြကြောင်း ၎င်းကဆက်လက်ပြောကြားသည်။


ဆက်စပ် သတင်းများ