တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော် ဒေါင်းတော်ယိုးကျေးရွာမှ ဟင်းခူးငါးရှာသူတစ်ဦး ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 7.2k

ဆောင်းဇာခြည်

နိရဥ္စရာ၊ မေ ၂၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ ဒေါင်းတော်ယိုးကျေးရွာမှ ဟင်းခူး ငါးရှာရန် ထွက်သွားသူတစ်ဦး ပျောက်ဆုံးနေသည်မှာ ၄ ရက်ခန့် ရှိနေပြီ ဖြစ်သဖြင့် မိသားစုများအနေဖြင့် စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသူမှာ ဒေါင်းတော်ယိုးကျေးရွာမှ ဦးစောဝင်းမောင် (၅၅) နှစ်ဖြစ်ပြီး ၄င်းမှာ မေလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် နေအိမ်မှ ဟင်းရှာရန် ထွက်သွားကာ မေလ ၂၅ ရက်ညနေထိ အဆက်သွယ် မရဘဲ ပျောက်ဆုံးနေ၍ စိုးရိမ်နေကြကြောင်း ယောက်ဖတော်စပ်သူက ပြောသည်။

“ သူက အမြဲတမ်း ဟင်းရှာ၊ ငါးရှာဖို့ ထွက်နေတာပါ။ အခုထိ အဆက်သွယ်လည်း မရဘူး။ သေလား၊ ရှင်လားဆိုတာ မသိရဘူး။ ကောလာဟလတွေလည်း ထွက်နေတယ်။ ဟင်းရှာထွက်ရင်း ၃၇၆ တပ်ရင်းဖက်ကို ရောက်သွားတယ်လို့လည်း ပြောကြတယ်။ သေချာတော့ မသိဘူးပေါ့နော်။ မိသားစုဝင်အနေနဲ့ သူပြန်မရောက်တော့ စိုးရိမ်ပါတယ်။ အခုလို တစ်ခါမှလည်း မဖြစ်ဖူးဘူး။” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။ 

အဆိုပါ ဒေါင်းတော်ယိုးကျေးရွာနှင့် ၃၇၆ တပ်ရင်းတို့မှာ မျက်နှာချင်းဆိုင် တည်ရှိကြပြီး အလယ်တွင် အဝေးပြေး ကားလမ်းမကြီး ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ 

မိသားစုဝင်များအနေဖြင့် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ပျောက်ဆုံးနေသူအား ရှာဖွေရန် ၃၇၆ တပ်ရင်းထံ တင်ပြကြရာ တပ်ရင်းမှ တာဝန်ရှိသူများက တပ်ရင်း၏ အရှေ့ဘက်ရှိ ကိုက် ၅ဝဝ ဧရိယာအတွင်း၌ အန္တရာယ် ရှိသော ပစ္စည်းများ ရှိနေသောကြောင့် ဝင်ရောက်ခြင်း မပြုနိုင်ကြောင်း၊ ယင်း ဧရိယာအတွင်း ဝင်ရောက်သူ မည်သူ့ကို မဆို ပစ်မိန့်ထုတ်ထားကြောင်း ပြောကြား၍ ကျေးရွာအနီးတဝိုက်တို့တွင်သာ ရှာဖွေခဲ့ကြရကြောင်း ၎င်းက ဆက်ပြောသည်။

ဒေါင်းတော်ယိုးကျေးရွာမှ အုပ်ချုပ်ရေးမှူးက “သူ့ကို အဆိပ်ရှိတဲ့ အကောင်နဲ့များတွေ့ပြီး အန္တရာယ်ကြုံနေတာလား တွေးကြည့်တယ်ပေါ့။ တစ်ခါမှ သူဒီလိုမျိုး မလုပ်ဖူးဘူးဆိုတော့လေ။ တစ်ဘက်က စဉ်းစားကြည့်တာက သူက နိုင်ငံရေးလည်း မလုပ်ဘူး။ ဆင်းရဲထမင်း ဆင်းရဲဟင်း ရှာစားနေတာ။ ထမင်း တစ်ဆုပ်ကို အဲဒီလို ဟင်းရှာငါးရှာပြီး စားနေတာ။ အခုထိ ဘာသတင်းမှ မရဘူးဆိုတော့ စိုးရိမ်ကြတယ်။” ဟု နိရဥ္စရာသို့ ပြောသည်။

လက်ရှိတွင် ပျောက်ဆုံးနေသူ ဦးစောဝင်းမောင်အား ရှာဖွေရန် စုံစမ်းလေ့လာနေကြကြောင်း ၎င်းက ပြောသည်။


ဆက်စပ် သတင်းများ