တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ် အောက်မီးလက်ဝကျေးရွာမီးလောင်၊ သက်ကြီးရွယ်အို၂ ဦးနှင့် အဆက်အသွယ်မရဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 4.6k

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ၂၆/ ၂ဝ၂ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးလက်ဝ ကျေးရွာ (အောက်ရွာ)တွင် ယနေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်၌ နေအိမ်အများအပြား မီးလောင်နေပြီး ကျေးရွာအတွင်းတွင် ကျန်နေခဲ့သည့် သက်ကြီးရွယ်အို ၂ ဦးနှင့် အဆက်အသွယ်မရဘဲ ဖြစ်နေသဖြင့် စိုးရိမ်နေရသည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

မီးလက်ဝရွာထဲတွင် ပိတ်မိကျန်ခဲ့သူ သက်ကြီးရွယ်အို လင်မယားနှစ်ဦးမှာ ဦးဝှေးပ(၉ဝ)နှစ်နှင့် အသက် ၈ဝ ကျော်အရွယ် ဇနီးသည်တို့ဖြစ်သည်ဟု ပလက်ဝမြို့၊သာယာကုန်း စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် မီးလက်ဝကျေးရွာသား ဦးကျော်ခိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။ 

ခန့်မှန်းခြေ နေအိမ် ၅ဝ ကျော်မှာ မီးလောင်ပြာကျနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။  

“ ရွာနားမှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ မီးငြိမ်းဖို့သွားတဲ့ ကျွန်တော်တို့ ရွာသားတွေ ချောင်းကိုဖြတ်တော့ စက်လှေတွေကို ရွာအပေါ်ဖက်ကုန်းထက်ကနေ သေနတ်တွေနဲ့ပစ်တယ်။ ကျွန်တော်တို့ရွာက ထွက်ပြေးတုန်းက ရွာမှာ ကျန်ခဲ့တဲ့ အဖိုးအိုလင်မယားတော့ ပါသွားပြီထင်ပါတယ်။ သူတို့လင်မယားမှာ သားတစ်ယောက်တော့ရှိတယ်။ သူနဲ့ဆက်သွယ်နေတယ်”ဟု သူကပြောသည်။

မီးလက်ဝကျေးတွင် အထက်မီးလက်ဝရွာနှင့် အောက်မီးလက်ဝရွာဟု နှစ်ပိုင်းခွဲထားပြီး လက်ရှိ မီးလောင်နေသည့် အောက်မီးလက်ဝကျေးရွာတွင် ခူမီးလူမျိုးများနေထိုင်ပြီး အိမ်ခြေ ၁၂၉ ဆောင်ရှိကြောင်း ၎င်းကဆက်ပြောသည်။

“ မီးကဆက်လောင်နေသေးတယ်။ ဒီတိုင်းသာလောင်နေရင် တစ်ရွာလုံးလောင်သွားမှာပါ။ ကျွန်တော် ပြောချင်တာက တိုက်ပွဲဖြစ်တာလည်းမရှိဘဲ ရွာတွေကို မီးမရှို့စေချင်ဘူး။ ဒီလိုမီးရှို့လိုက်တော့ ကျွန်တော်တို့ နေရပ်ပြန်ဖို့အခွင့်အရေးမရှိတော့ဘူးပေါ့ဗျာ” ဟုဆက်ပြောသည်

တပ်ရင်း(၂၈၉) ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရွာအနီးတွင် ပစ်ခတ်မှုများ ရှိနေကြောင်း သူက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ချင်းပြည်နယ် အမှတ် ၁၂ မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်က“ မီးလောင်နေတာဟုတ်ပါတယ်။ ရွာထဲမှာ သက်ကြီးရွယ်အိုတချို့ကျန်ခဲ့တယ်လို့သိရတယ်။ မီးဘယ်လို လောင်တာလဲဆိုတာနဲ့ အိမ်ဘယ်နှစ်ဆောင်လောင်နေတာလည်း အတိကျ မသိရသေးဘူး။ အခုထိ လောင်နေတုန်းပဲမို့လို့ပါ။  ရွာထဲမှာကျန်ခဲ့တဲ့သက်ကြီးရွယ်အိုတွေအခြေအနေကိုလည်း မသိရသေးဘူး။ အဆက်သွယ်လုပ်နေတုန်းပဲရှိပါသေးတယ်” ဟု ယနေ့ ညနေ ၅ နာရီခွဲခန့်က အတည်ပြုပြောကြားသည်။

မီးလက်ဝကျေးရွာသားများမှာ ဧပြီလ ၁ရက်နေ့က ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲသဖြင့် ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြပြီး ပလက်ဝမြို့ရှိ သာယာကုန်စစ်ရှောင်စခန်းတွင် ခိုလှုံနေကြကြောင်း သိရသည်။

မီးလက်ဝကျေးရွာတွင် အထက်မီးလက်ဝ၌ အိမ်ထောင်စု(၂၂၉)စု၊ အောက်မီးလက်ဝတွင်(၁၂၉)စု ရှိကြောင်း သိရသည်။

(Photo by Mizzima)


ဆက်စပ် သတင်းများ