တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် မယူကမ်းတွင် လက်နက်ကြီးကျည်ကျ၍ ကလေးငယ်မိခင်တစ်ဦး အပါအဝင် လူ ၅ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 2.6k

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၃၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း စေတီပြင်ကျေးရွာ အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ ယမန်နေ့ (မေ ၃ဝ ရက်) ညနေ ၈ နာရီခွဲခန့်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ကလေးငယ် မိခင်အမျိုးသမီးတစ်ဦးအပါအဝင် လူ ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ စဖိုကျွန်းကျေးရွာမှ ၂ နှစ်အရွယ် ကလေးမိခင် မမျိုးသူဇာ(၂၃) နှစ်၊ အောင်ဇေကုန်းကျေးရွာမှ ၉တန်းကျောင်းသား မောင်ကျော်ဝင်းထွန်း(၁၈)နှစ်၊ ကံပြင်ကယ်ဆယ်ရေးစခန်းမှ ဦးမောင်သန်းထွန်း(၄၁)နှစ်၊ ဒိုးဝေချောင်းကျေးရွာမှ နှစ်ယောက်မှာ ၉ တန်းကျောင်းသားမောင်ငြိမ်းသန်း(၁၆)နှစ်နှင့် ကိုစိုးလှိုင်ထွန်း(၂၆) နှစ်တို့ဖြစ်ကြသည်။

ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် စေတီပြင်ပရဟိတအဖွဲ့ဝင်တစ်ဦးက “ကျွန်တော်တို့ ဒဏ်ရာရတဲ့ လူနာတွေကို ဆေးရုံပို့ထားပါတယ်။ အခု စဖိုကျွန်းက မမျိုးသူဇာကို လာခေါ်တာပါ။ သူ့မှာ ဦးခေါင်းမှာ ကျည်စ နှစ်နေရာ ထိထားပါတယ်။ လက်နက်ကြီးကျည်စထိကြတာပါ အကုန်မှာ သုံးယောက် ကိုတော့ ဆေးရုံ ပို့လိုက်ပါပြီ ”ဟု ယမန်နေ့ ည ၁ဝ နာရီခွဲက နိရဥ္စရာသတင်းဌာနက ဆက်သွယ်စဉ် ပြောကြားသည်။

၄င်းတို့ကယ်ဆယ်ရေးလုပ်နေစဉ် ပစ်ခတ်မှုများ ရှိနေခဲ့သဖြင့် ကျေးရွာ ၄ခုမှ ရွာသားများမှာ ပြေးလွှား ပုန်းခိုနေခဲ့ရကြောင်း၊ ၄င်းတို့ စက်လှေပေါ်တွင် ရွာသားအချို့ကို ကယ်ထုတ်လာနိုင်ခဲ့ကြောင်းနှင့် ဒဏ်ရာ ရရှိသူများအား စေတီပြင်တိုက်နယ်ဆေးရုံတွင် ပို့ဆောင်ထားကြောင်း သူကဆက်ပြောသည်။

ဒဏ်ရာရရှိနေသည့် သားဖြစ်သူ ကိုစိုးလှိုင်ထွန်းနှင့်အတူ လူနာစောင့် အဖြစ်လိုက်ပါလာသော ဦးလှဖြူဇံ က “ဘယ်လိုဖြစ်တာလဲဆိုတာက ဇက်သင်္ဘောက မယူမြစ်ကြောင်းအတိုင်း ပစ်လို့လာတာ။ ရွာနဲ့ မြစ်နဲ့ဝေးတယ်။ လက်နက်ကြီး ကျည်ထိတာ။ ဦးလေးတို့ ရွာသားတွေ ရွာထဲကဓမ္မာရုံမှာ စုပြီး ပုန်းနေကြတာ။ အဲဒီမှာ လက်နက်ကြီးက အပင်ကိုထိတယ်။ အပင်ကနေ ကျည်စလွင့်စင်ပြီး ကလေးတွေကိုထိတာ။ အောင်ဇေကုန်းက ကလေးက ရွာကိုအလည်ရောက်နေတာမှာ ထိတာပါ။ ဘယ်လိုပြောရမလဲ ဖြစ်ဖို့ပါလို့ဖြစ်ရတယ်လို့ မှတ်ရတော့မယ်” ဟုပြောသည်။

အောင်ဇေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း “ စဖိုကျွန်းအနီး မေယူမြစ်ထဲကနေစပြီး ဇက်နှစ်စီးနဲ့ ပစ်တာပဲ။ ရွာကလူတွေကလည်း အကြောက်လွန်ပြီးထွက်ပြေးကြတာမှာ မိန်းကလေး တစ်ယောက်ဆီ ထိတယ်။ ဒီကံပြင် ကယ်ဆယ်ရေးစခန်းမှာလည်း ယောက်င်္ကျားတစ်ယောက် နဖူးကို ရှပ်ထိသွားတယ်လို့ ကြားတယ်။ တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး။ ဦးလေးတို့ရွာသားတွေ ရွာပြင်တွေနဲ့ တောထဲတွေကို ထွက်ပြေးသွားကြတယ်” ဟုပြောသည်။

အောင်ဇေကုန်းကုန်းကျေးရွာတွင် အိမ်ခြေ၁၆၄ ဆောင်နှင့် လူဦးရေ ၈ဝဝ ကျော်ရှိပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြကြောင်း သက်ကြီးရွယ်အိုအချို့သာ ရွာတွင်ကျန်ခဲ့ကြောင်း ၄င်းကဆက်ပြောသည်။ 

ဒိုးဝေချောင်းကျေးရွာတွင်လည်း အိမ်ခြေ ၆၇ ဆောင်နှင့် လူဦးရေ ၃၆၆ ဦးရှိပြီး တစ်ရွာလုံးသားမှာ ဘုန်းတော်ကြီးကျောင်းတွင် ပုန်းခိုနေခဲ့ရကြောင်း ပြောဆိုသည်။

ကျည်ဆံဒဏ်ရာများမှာ အောင်ဇေကုန်းရွာမှ မောင်ကျော်ဝင်းထွန်းတွင် ဘယ်ဖဝါးနှင့် ဘယ်လက် တို့တွင် ကျည်စထိမှန်၊ စဖိုကျွန်းရွာမှ မမျိုးသူဇာတွင် ဦးခေါင်းတွင် နှစ်ချက်ကျည်စ လျှပ်ထိ၊ ဒိုးဝေချောင်းကျေးရွာမှ ကိုစိုးလှိုင်ထွန်းတွင် ညာခြေသလုံးနှင့် ဘယ်လက်မောင်း ၂ချက် ကျည်စ ထိမှန်ကာ ဝမ်းဗိုက်လျှပ်ထိ၊ ဒိုးဝေချောင်းကျေးရွာမှ မောင်ငြိမ်းသန်းတွင် နှာခေါင်းလျှပ်ထိဒါဏ်ရာနှင့် စေတီပြင် တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ကံပြင်ကယ်ဆယ်ရေးစခန်းမှ ဦးမောင်သန်းထွန်းမှာ မစိုးရိမ်ရဒဏ်ရာရရှိသဖြင့် ကံပြင် ကယ်ဆယ်ရေး စခန်းတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက "တိုက်ပွဲဖြစ်တာ မရှိဘူး။ ဒီလိုပဲ ရမ်းသမ်း ပစ်သွားတာလို့ ရွာသားတွေကပြောတယ်။ ဒဏ်ရာရတဲ့ လူတွေကို ရသေ့တောင် ဆေးရုံကို ခေါ်လာမလားလို့။ မခေါ်လာဘူး စေတီပြင်ဆေးရုံမှာလို့ သိရတယ်။ လူနာ သုံးလေး ယောက်က စေတီပြင် တိုက်နယ်ဆေးရုံကို ရောက်နေတယ်။ ဘယ်နှစ်ယောက် ဒဏ်ရာရတယ်ဆိုတာတော့ မေးကြည့် ရအုန်းမယ်"ဟုပြောသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ယနေ့နံနက် ၁၁ နာရီကျော်က  ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိခဲ့သဖြင့် တပ်မတော်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။ 

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC မှ သတင်းထုတ်ပြန်ချက်တွင်လည်း ရသေ့တောင်မြို့နယ် မယူမြစ်အတွင်းဖြတ်မောင်သွားသည့် ရေတပ်ဇက်ရေယာဉ်မှ ယနေ့ ည ၉ နာရီ ၂ဝ ခန့်က မြစ်ကြောင်း တစ်လျှောက် ပစ်ခတ်မှုကြောင့် အနည်းဆုံး ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်းကို နာမည်၊ ရောက်ရှိနေသည့် ဆေးရုံနာမည်နှင့်အတူ ဖော်ပြထားသည်။ 


ဆက်စပ် သတင်းများ