တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြေပုံမြို့နယ်တွင် နောက်ထပ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံဖမ်းဆီးခံရ၊ တစ်ခြားရပ်ကျေးအုပ်ချုပ်ရေးမှူးများ တိမ်းရှောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 9.3k

ထွန်းခိုင် (တောင်ရင်ကျွန်း)

နိရဥ္စရာ၊ ဇွန် ၄ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို ယမန့်နေ့ ည၉နာရီ ကျော်ချိန်ခန့်က ရဲနှင့် တပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် တခြားရပ်ကျေးအုပ်ချုပ်ရေးမှူးများလည်း ကြောက်လန့်ပြီး တိမ်းရှောင်ထွက်ပြေးနေကြရသည်ဟု သတင်းရရှိသည်။

အုပ်ချုပ်ရေးမှူး ဦးအောင်သန်း၏သား ကိုအောင်အောင်နိုင်က “ သူတို့က ဆိုင်ကယ်လေးစီးနှင့်လာတယ်။ လူကတော့ ၆ ယောက်၊ ၇ ယောက်လောက်ပါတယ်။ ရဲဝတ်စုံနှင့် နှစ်ယောက်ပါတယ်။ စစ်သားတွေလည်း ပါတယ်။ အရပ်ဝတ်နဲ့လည်း တစ်ယောက်ပါတယ်။ မှတ်ပုံတင်တွေကို ယူပြီးတော့ စခန်းကို ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်။ ခဏနေရင်ပြန်လွှတ်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ဒါပေမယ့် အခုထိပြန်မလွှတ်သေးဘူး။ ကျနော်အဖေမှာ အပြစ်လုပ်ထားတာလေ့ ဘာတစ်ခုမှ မရှိဘူး။ ဒါကြောင့် အဖေကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ယနေ့နံနက်က ဆက်သွယ် ပြောကြားသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ မြေပုံမြို့နယ်မှ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ စိုးရိမ်ကြောင့်ကြမှုများ ရှိနေပြီး ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ၎င်းတို့အနေဖြင့် ယခုလိုမျိုး ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးနေသည့် အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးရာထူးမှလည်း နုတ်ထွက်စာတင်သွားမည်ဖြစ်ကြောင်း အမည်အဖော်လိုသော ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“မနေ့ ညနေ့က မြောက်ပိုင်းအုပ်ချုပ်ရေးမှူးကိုလည်း ဖမ်းသွားတယ်။ နောက်ပြီး မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်ဝင်းကိုလည်းလိုက်ရှာတယ်။ နောက်ပြီ နာရေးကူညီမှုအသင်းအတွင်းရေးမှူး ဦးမောင်စိုးလွင် သူ့ကိုလည်း လိုက်ရှာတယ်။ နောက်ပြီ ငြိမ်းချမ်းရေးပုဇွန်ဒိုင်က နှစ်ယောက်ကိုလည်း ဖမ်းသွားတယ်။ သူတို့ကိုတော့ တစ်နာရီလောက် စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်”ဟု ၎င်းကပြောသည်။

၎င်းတို့အနေဖြင့် နိုင်ငံတော်က ချမှတ်ထားသော လုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသော်လည်း ယခုလိုမျိုး ဖမ်းဆီးနေခြင်းနှင့် ပတ်သက်၍ မိမိတို့၏ မိခင်ဌာနကလည်း တာဝန်ယူမှု တာဝန်ခံမှု တစ်စုံတစ်ရာ မရှိကြောင်း ၎င်းရပ်ကျေးအုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “ မနက်က ဖုန်းဆက်ကြည့်တော့ သူ့ကို မစစ်ဆေးရသေးဘူး။ ယခင်က စရဖ ရုံးဟောင်းမှာ ခေါ်ထားတယ်လို့ ပြောတယ်။ ယခင်ဖမ်းထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ယောက်ကိုတော့ အမှုဖွင့်ထားပြီ။ ယခုဖမ်းထားတဲ့ အုပ်ချုပ်ရေးမှူးကိုတော့ ဘယ်လိုမျိုး ဆောင်ရွက်သွားမည်ဆိုတာကိုတော့ မသိရသေးဘူး။ တစ်ခြားအုပ်ချုပ်ရေးမှူးများကလည်း စိုးရိမ်မှုမြင့်မားနေတယ်” ဟု ပြောသည်။

ပြီးခဲ့သော မေလ ၃၁ ရက်နေ့က ဖမ်းဆီးခံရသော မြေပုံမြို့၊ ရွာသစ်ကေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့် မြေပုံမြို့နယ် အငူအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်ဇော်တို့အား အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅ဝ ၊ ၅၂ နှစ်ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းကဆက်ပြောသည်။


ဆက်စပ် သတင်းများ