တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် ဒုက္ကံချောင်းရွာထဲ ညဉ့်အချိန် လက်နက်ကြီးကျည်ကျ၍ လူတစ်ဦးထိမှန်၊ နေအိမ် ၄ လုံးပျက်စီး၊ နွားတစ်ကောင်သေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 7.1k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဒုက္ကံချောင်းကျေးရွာတွင် ယနေ့ဇွန်လ ၅ ရက်နေ့ နံနက်စောစော ဝး၄၅ မိနစ်ခန့်တွင် ရွာထဲ လက်နက်ကြီးကျည်ကျ၍ လူတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး နေအိမ် ၄ လုံး ပျက်စီးကာ၊ နွားတစ်ကောင်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူမှာ ဦးတင်မောင်(၄၅)နှစ်ဖြစ်ပြီး ညာဖက်တင်ပဆုံတွင် လက်နက်ကြီးကျည်စ ရှပ်ထိခဲ့ကြောင်း ဒုက္ကံချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေက နိရဥ္စရာသတင်းဌာနအားပြောသည်။ 

၎င်းပြင် ဦးလှထွန်း(လ/ပြ)၊ ဦးတင်ရွှေ(စစ်မှုထမ်းဟောင်း)၊ ဦးမောင်ချေနှင့် ဦးဦးထွန်းမြင့် တို့နေအိမ်များမှာ လက်နက်ကြီးကျရောက်ပျက်စီးခဲ့ကာ၊ ဦးမောင်ထွန်းကျော်နေအိမ်မှ နွားမတစ်ကောင်သေဆုံးခဲ့ကြောင်း ပြောကြားသည်။  

“ ရေတပ် ဇက်က လေးစီး၊ စပိဘုတ်က နှစ်စီးပါပါတယ်။ မြစ်ထဲကနေလှမ်းပစ်တာပါ။ သူတို့စပစ်တာနဲ့ ရွာသားတွေက ကြောက်ပြီးအိမ်အောက်တွေမှာ ဆင်းပုန်းကြတာပါ။ အဲဒီမှာ ဦးတင်မောင်ကို ထိတာပါ။ စိုးရိမ်စရာတော့ သိပ်မရှိတော့ပါဘူး ရှပ်ထိသွားတာပါ။ ကျွန်တော်တို့ ရွာနားမှာ တိုက်ပွဲဖြစ်တာလည်းမရှိပဲ ပစ်တာပါ။ ကျွန်တော့် အိမ်ဘေးက ကျောင်းဆရာအိမ်က အိမ်နောက်ဖက်က လက်နက်ကြီးဝင်လာတာ ရှေ့ဖက်က ပြန်ထွက်သွားတယ်။ ရစရာမရှိဘူး ပျက်စီးသွားတာ။  အိမ်အပေါ်ထပ်တစ်ခုလုံးမှာ။ နွားမတစ်ကောင်ကတော့ ကိုယ်ဝန်နဲ့ ဗိုက်ကိုထိပြီးသေတယ်”ဟု သူကပြောသည်။

အဆိုပါပစ်ခတ်မှုမှာဟုတ်မှန်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက အတည်ပြုပြောကြားသည်။ 

“ရွာသားတွေနဲ့ အဆက်သွယ်ရတယ်၊ အိမ်တွေလေးငါးလုံးပျက်စီးပြီး လူတစ်ယောက် လက်နက်ကြီး ကျည်ထိတယ်လို့ သိရတယ်။ နွားတစ်ကောင်လည်းသေတယ်။ ဇက်ပေါ်ကပစ်ခဲ့တာလို့ သိရတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဇော်မင်းထွန်းအား နိရဥ္စရာသတင်းဌာနမှ မေးမြန်းရန် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့သဖြင့် ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး တပ်ဘက်က တုံ့ပြန်မှုကို တင်ပြနိုင်ခြင်း မရှိသေးပါ။ 

ကျောက်တော်မြို့နယ်ရှိ ကစ္စပနဒီမြစ်တစ်လျှောက်တွင် ဇက်ရေယာဉ်ပေါ်မှ အလားတူ ပစ်ခတ်မှုများ ရှိခဲ့သောကြောင့် တပ်မတော် ဇက်ရေယာဉ်တန်းဖြတ်သန်းမောင်းနှင်ချိန်များတွင် ရွာသားများ အနေဖြင့် ကြောက်လန့်မှုများ ရှိနေကြကြောင်း ဒေသခံများက ပြောသည်။ 


ဆက်စပ် သတင်းများ