- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၆/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ သမီးလှရွာသစ်ကျေးရွာမှ ဒေသခံတစ်ဦးကို ယမန်နေ့ နံနက် ၈ နာရီက တပ်မတော် စစ်ကြောင်း တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျေးရွာသားများက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူမှာ သမီးလှရွာသစ်ကျေးရွာမှ ဦးကျော်ကျော်လှိုင် (၃၇) နှစ်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နီက ပြောသည်။
ဦးမောင်နီက “ စစ်သားတွေ လာပြီဆိုရင် ကြောက်ပြီး ရွာက အကုန်ထွက်ပြေးကြတော့တာပဲ။ အခုလည်း စစ်သားတွေ လာလို့ သတင်းရတာနဲ့ သမီးလှရွာသစ်က ရွာသားတွေ အကုန်ထွက်ပြေးကြတာ။ သူက အဲဒါ မသိဘူး။ ငါးဖမ်းရာကနေ ရွာကို ဟွန်ဒါစက်လှေနဲ့ ပြန်လာတာ။ စစ်ကြောင်းက ဇီးခေါင်းချောင်းရွာကနေ ချောင်းကူးဖို့လုပ်နေတုန်း ပက်ပင်း သွားတိုးတာ။ အဲဒီမှာ အဖမ်းခံရတာ” ဟု နိရဥ္စရာသို့ ပြောသည်။
ဦးကျော်ကျော်လှိုင်ကို သူဟွန်ဒါဖြင့် ကူးတို့ အကြိမ်ကြိမ်ပို့ခိုင်းပြီးနောက် ပြန်မလွှတ်ဘဲ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။
“ စစ်ကြောင်းက ကျွန်တော်တို့ နယ်မြေရှိ ရေစိုးချောင်းဗျူဟာက ဖြစ်ပါတယ်။ အင်အား ၁ဝဝ ကျော်လောက် ရှိပါတယ်။ အခု စစ်ကြောင်းနဲ့ အတူ ဦးကျော်ကျော်လှိုင်ကို ကုလားချောင်းရွာကို ခေါ်ဆောင်သွားပါတယ်။ ပြိန်းတောနားက ကုလားချောင်းရွာပါ” ဟု ဦးမောင်နီက ဆက်ပြောသည်။
သမီးလှရွာသစ်ကျေးရွာတွင် အိမ်ခြေ ၈၂ ဆောင်နှင့် လူဦးရေ ၄၅၂ ဦးရှိပြီး ၄င်းတို့မှာ လက်ရှိ ကျေးရွာမှ အနီးအနားရှိ ကျေးရွာများသို့ ထွက်ပြေးနေကြရကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်အား နိရဥ္စရာမှ ဆက်သွယ်ရာ ၄င်းက သမီးလှရွာသစ်မှ ရွာသားတစ်ဦး ဖမ်းဆီးခံရခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။
“ ရွာသားတွေက စစ်ကြောင်းလာတာနဲ့ ထွက်ပြေးကြတာ။ သူက ချောင်းက စက်လှေနဲ့ လာတာမှာ ဖမ်းဆီးခံရတယ်။ စစ်ကြောင်းက တွေ့သွားတော့ အဖမ်းခံရတယ်လို့ ပြောတာပါဘဲ” ဟု ပြောသည်။
ဦးကျော်ကျော်လှိုင်မှာ လွန်ခဲ့သည့် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က သမီးလှ ရွာသစ်ရွာထဲ လက်နက်ကြီး ကျည်ပေါက်ကွဲပြီး သေဆုံးသွားသည့် မောင်မောင်နိုင်စိုး (၇) နှစ်၏ ဖခင်ဖြစ်ကြောင်းလည်း သိရသည်။