တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ဒေသခံနှစ်ဦး သေနတ်ကျည်ထိမှန် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 9.9k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇွန် ၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဒေသခံနှစ်ဦး ဇွန်လ ၈ ရက်နေ့က  တပ်မတော် စစ်ကြောင်းတစ်ခုက သေနတ်ဖြင် ပစ်ခတ်သဖြင့်  ကျည်ထိမှန်၍ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရသွားသူနှစ်ဦးမှာ အပေါက်ဝကျေးရွာ ပင်မရပ်ကွက်မှ ဦးမောင်လှကျော် (၃၅) နှစ်နှင့် အပေါက်ဝ ကျေးရွာ၊ ပြားမူဆလင်ရပ်ကွက်မှ ဦးဇော်ကီရာမောက် (၃၂) နှစ်ဖြစ်တို့ ဖြစ်ကြသည်။

ဦးမောင်လှကျော်နှင့် ပေါင်တွင် ကျည်ဆံထိမှန်ခဲ့ပြီး ဦးဇော်ကီရာမောက်တွင် ဦးခေါင်း၊ ဘယ်ဘက်ပေါင်နှင့် ဘယ်ဘက်လက်မောင်းတို့၌ ကျည်ဆံထိမှန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

ဇွန်လ ၁ဝ ရက် နေ့ နံနက်က ၁၁ နာရီက ဒဏ်ရာရရှိသွားသည့် ဦးမောင်လှကျော်နှင့် အဆက်အသွယ်ရရှိရာ ၎င်းက “ကျွန်တော်က အပေါက်ဝဆေးရုံက လူနာတစ်ယောက်ကို သတင်းမေးလို့ အိမ်ကို အပြန်မှာ စစ်သားတွေက ရွာကို ဝင်လာတယ်။ ကျွန်တော်က ဆိုင်ကယ်နဲ့ လာတာ။ အဲဒီမှာ ကျွန်တော်လည်း သူတို့ကို တွေ့တာနဲ့ ဆိုင်ကယ်ကို မမောင်းဘဲ တွန်းပြီး သွားတယ်။ ဆိုင်ကယ်ကို တွန်းပြီးတော့ သူတို့နဲ့က မျက်နှာချင်းဆိုင်လမ်းမှာ ဖြစ်နေလို့ ရွာက အိမ်တစ်ဆောင်ကို ဝင်ခံတယ်။ အဲဒီမှာ သူတို့က ကျွန်တော့်ကို မြင်တာနဲ့ ပစ်တာ။ လူတွေ့တာနဲ့ ပစ်တာ။ ပေါင်အနောက်ကနေ ကျည်က ဖောက်ဝင် သွားတာ အရှေ့ဘက်က ထွက်သွားပါတယ်။ ဒဏ်ရာကတော့ သိပ်မစိုးရိမ်ရဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။ အခုတော့ အပေါက်ဝ တိုက်နယ် ဆေးရုံမှာ  ဆေးကုသ နေရပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ဦးဇော်ကီရာမောကဆွေမျိုးလည်း တော်စပ်သူ ပြားမူဆလင်ရပ်ကွက်မှ တာဝန်ခံ ဦးကျော်ဟိန်းက “သူက ငါးဖမ်းပိုက်မျောပြီး ငါးရှာဖို့ သွားတာ။ အဲဒီမှာ သေနတ်နဲ့ ပစ်ခံရတာပါ။ ဒဏ်ရာက စိုးရိမ် ရပါတယ်။ အခုထိ လက်မောင်းက ဒဏ်ရာကို မခွဲစိတ်ရသေးဘူး။ ဆရာဝန်က အဲဒီကျည်က ဘယ်နားမှာမှန်း မသိလို့ ဓါတ်မှန်ရိုက်ရဦးမယ်လို့ ပြောပါတယ်။ သူက ကျွန်တော့်ရဲ့ တူလေးတော်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ဦးဇော်ကီရာမောက်မှာ ယနေ့ နံနက် ၁ နာရီကျော်က အပေါက်ဝကျေးရွာနှင့် ကပ်လျှက် တည်ရှိသည့် ကုလားတန်မြစ်အတွင်း စက်လှေဖြင့် ငါးဖမ်းရန်သွားစဉ် လက်နက်ငယ်များဖြင့် လှမ်းပစ်ခတ်ခြင်းဖြစ်ကြောင်း ဦးကျော်ဟိန်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အဆိုပါ ပစ်ခတ်ခဲ့မှုကြောင့် ဦးမောင်လှကျော် ဒဏ်ရာရသွားခြင်းမှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇာ်မင်းထွန်းသို့ နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

အပေါက်ဝကျေးရွာမှ နောက်ထပ် ရပ်မိရပ်ဖတစ်ဦးကလည်း “စစ်သားတွေ ရွာထဲဝင်လာတုန်းက ကျွန်တော် တို့လည်း ရွာထဲက လမ်းပေါ်မှာပေါ့။ အဲဒီမှာ သူတို့က ရွာအရှေ့ဘက်ကနေ ဝင်လာတယ်။ လာတာနဲ့ ကျွန်တော်တို့က တခြားတစ်လမ်း ရှောင်ပြီး သွားကြပါတယ်။ သူတို့က လမ်းမပေါ်က မသွားဘဲ ရွာထဲကနေ ဖြတ်ပြီးသွားတာပေါ့။ ရွာထဲကနေ ကာဒီရွာဘက်ကို ထွက်သွားကြပါတယ်။ သူတို့က ရွာထဲမှ ဖြတ်စဉ်မှာ  ယမ်းပြီး ပစ်လိုက်တာ။ အဲဒီမှာ ရွာသား တစ်ဦးကို ထိသွားတာ။ အဲဒီစစ်သားတွေက ဘယ်တပ်ရင်း/တပ်မကလဲ ဆိုတာတော့ ကျွန်တော်တို့လည်း အခု မသိသေးဘူး။” ဟု နိရဥ္စရာသို့ ပြောသည်။

၎င်းတို့နှစ်ဦးစလုံးမှာ အပေါက်ဝ တိုက်နယ်ဆေးရုံတွင် ဆေးကုသနေရကြောင်း သတင်းရရှိသည်။ 


ဆက်စပ် သတင်းများ