- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
နိရဥ္စရာ၊ ဇွန် ၁ဝ/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာနှင့် သစ်ပုတ်တောင်ကျေးရွာအကြားတွင် ယနေ့နံနက်က ပစ်ခတ်မှု ဖြစ်ပွား၍ အနီးအနားရှိ ကျေးရွာ ပေါင်း ၁ဝ ကျော်မှ ရွာသားထောင်နှင့်ချီပြီး ထွက်ပြေး သွားကြသည်ဟု သတင်းရရှိသည်။
ထွက်ပြေးနေကြသည့် ကျေးရွာသားများမှာ မင်းပြားမြို့နယ်မှ သစ်ပုတ်တောင်၊ ကျောက်ခုတ်၊ စအင်းရွာသစ်၊ စအင်းရွာဟောင်း၊ သာယာကုန်း၊ ရန်တိုင်၊ ပြိုင်းတော၊ ခမောင်းတော၊ မြောင်ချောင်း စသည့် ကျေးရွာများမှ ဖြစ်ကြသည်ဟု ဆိုသည်။
အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက “ ကျွန်တော်တို့ရွာက တစ်မိုင်လောက် ဝေးမယ်ထင်ပါတယ်။ ဒီနေ့ မနက် ၅ နာရီ ၁ဝ မိနစ်လောက်မှာ အသံအကျယ်ကြီး ပေါက်ကွဲသံတွေ ကြားရပါတယ်။ နောက်လက်နက်ငယ် တွေနဲ့လည်း ပစ်သံကြားရပါတယ်။ ကျွန်တော်တို့က ဘာဖြစ်တယ်ဆိုတာကို မပြောနိုင်ပါ။ ကြောက်ပြီး ထွက်ပြေးနေကြရပါတယ်။ ရွာစဉ် တစ်လျှောက်ရွာတွေအားလုံးကဆိုတော့ လူပေါင်း သောင်းနဲ့ ချီပြီး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ကျောက်ခုတ်ရွာ တစ်ရွာတောင် အိမ်ခြေ ၆ဝဝ ကျော်၊ လူဦးရေ သုံးထောင်ကျော် ရှိပါတယ်” ဟု ပြောကြားသည်။
ထွက်ပြေးကြသည့် ကျေးရွာသားများသည် စက်လှေများ၊ ဟွန်ဒါ စက်တပ်လှေများဖြင့် ငမန်းရဲကျွန်းဘက်သို့ ပြေးကြသည်ဟု ဆိုသည်။
ကျောက်ခုတ်ရွာက အသက် ၄၂ နှစ်အရွယ် ကျော်မြထွန်းဆိုသူ တစ်ဦးကိုလည်း ကိုင်းထဲတွင် အလုပ်လုပ်နေရာမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရှိရကြောင်း ၎င်းက ပြောကြားသည်။
“ တပ်ကတော့ ကျွန်တော်တို့ ကျောက်ခုတ်ရွာမှာ မရှိတော့ပါ။ အခု ရွာသားတစ်ယောက်တော့ အဖမ်းခံထားရပါတယ်” ဟု ပြောကြားသည်။
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ ဖြစ်တာက ကျောက်ခုတ်ကျေးရွာက ၅ဖာလုံ ၆ ဖာလုံလောက်ဝေးတဲ့ တက်ခုတ်တံတားအနီးမှာ ဖြစ်ကြတယ်လို့ ကြားရပါတယ်။ ဘာတွေဖြစ်တယ် ဆိုတာတော့ မသိပါ။ ပေါက်ကွဲသံတွေ၊ သေနတ်သံတွေ ကြားရတယ်လို့တော့ ရွာသားတွေက ပြောပါတယ်။ ကျောက်ခုတ်ရွာက တစ်ယောက်အဖမ်းခံရတာကတော့ မြို့နယ် အာဏာပိုင်တွေရဲ့ အသိပေးချက်အရ သိရပါတယ်” ဟု ပြောကြားသည်။