တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦး လိပ်ဆင်းပြင်ရွာမှ ဖမ်းဆီးခံရသူ နှစ်ဦးအထဲမှ တစ်ဦးကို တပ်ကခေါ်ဆောင်သွားဟု မိသားစုများပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 8.8k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၁၁ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လိပ်ဆင်းပြင်ကျေးရွာသို့ ဇွန် ၁၁ ရက်နေ့ နံနက်က ဝင်ရောက်လာသည့် တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးထားသည့် ကျေးရွာသားနှစ်ဦးထဲမှ တစ်ဦးကို ခေါ်ဆောင်သွားသည်ဟု မိသားစုများက ပြောသည်။ 

ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူနှစ်ဦးမှာ လိပ်ဆင်းပြင်ကျေးရွာမှ ဦးကျော်စိန် (၅၅)နှစ်နှင့် ဦးသန်းမြင့်ဌေး (၃ဝ) နှစ်တို့ဖြစ်ကြပြီး တပ်က ရွာက မထွက်မီ ဦးကျော်စိန်ကို ပြန်လွတ်ပေးကာ ဦးသန်းမြင့်ဌေးကို သူတို့ တပ်စွဲထားရာ လင်းမြွေတောင်သို့ ခေါ်ယူသွားခဲ့သည်ဟု ဆိုသည်။ 

လိပ်ဆင်းပြင်ကျေးရွာမှ ရပ်ရွာလူကြီးတစ်ဦးက “သူတို့ပြန်ထွက်သွားချိန်မှာ ဖမ်းထားတဲ့ ရွာသား နှစ်ဦးအထဲက တစ်ဦးကို ခေါ်ယူသွားတယ်။ ဦးသန်းမြင့်ဌေးကို သူတို့စခန်းရှိတဲ့  လင်းမြွေတောင်ကို ခေါ်သွားတယ်။ စစ်သားတွေ ရောက်တာနဲ့ သူ့ကို ပြန်လွှတ်ပေးလိုက်မယ် ဆိုပြီး ရွာက ဆရာတော်ကို ပြောခဲ့တယ်လို့ သိရပါတယ်။ သူတို့ မနေ့က  ညနေ ၆ နာရီလောက်မှာ ရွာက ထွက်သွားတယ်” ဟု ပြောသည်။

စစ်ကြောင်း ရွာထဲတွင် ရှိနေစဉ် လူမရှိသည့် နေအိမ်တစ်ချို့ကိုလည်း တက်ရောက် မွှေနှောက် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ ရွာက အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်အေးသာညိုအိမ်က ငွေသုံးသိန်းနဲ့ နားတောင်းတစ်ရံ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။ အိမ်အချို့က ဘီဒိုတို့၊ အဝတ်အစားစတဲ့ ပစ္စည်းတွေလည်း ပျက်စီးနေတာတွေတော့ ရှိပါတယ်။ စစ်ကြောင်း ဝင်လာတော့ ရွာသားတွေက ရွာကနေ ထွက်ပြေးနေကြပြီး စစ်ကြောင်းထွက်သွားပြီး ရွာကို ပြန်လာမှ ခုလို တွေ့ကြတာပါ”ဟု ၎င်းက ပြောသည်။   

 အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်နှင့် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း အား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။


ဆက်စပ် သတင်းများ