တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

လုံခြုံရေး အခြေနေကြောင့် ပုဏ္ဏားကျွန်းဆေးရုံမှ အလောင်းနှစ်လောင်းကို သဂြိုလ်ရန် အခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 3.6k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၁၂ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် လုံခြုံရေး အခြေအနေကြောင့် ယမန်နေ့က သေဆုံးသွားသည့် ရုပ်အလောင်း နှစ်လောင်းကို သဂြိုလ်ရန် အခက်အခဲဖြစ်နေကြောင်း သိရှိရသည်။

သေဆုံးသွားသူနှစ်ဦးမှာ ယမန်နေ့က ပုဏ္ဏားကျွန်းမြို့တွင် သေနတ်ပစ်ခံရပြီး သေဆုံး သွားသော စိတ်မနှံ့သူ ဦးညီညီ (၄၅) နှစ် ရုပ်အလောင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲစာတိုက်ကျေးရွာမှ ဝမ်းရောဂါဖြင့် ယမန်နေ့မနက်ပိုင်းက ပုဏ္ဏားကျွန်းဆေးရုံတွင် သေဆုံးသွားသော မဆန်းညွှန့်ဝေ (၂၃) နှစ် တို့၏ ရုပ်အလောင်းဖြစ်ကြောင်းသိရှိရသည်။

ပုဏ္ဏားကျွန်းမြို့မှ လူမှုရေးအကျိုးလုပ်ဆောင်နေသူ တစ်ဦးက “ ဦးညီညီက ပိုင်ရှင်မဲ့ဆိုသလို ဖြစ်နေတယ်။ သူ့မှာက အမိဘလည်း မရှိတော့ဘူး။ အကိုလည်း မရှိတော့ဘူး။ သူက စိတ်မနှ့ံဆိုတော့ သူကိုက ပစ်ထားကြတာပါ။ အလောင်းကတော့ နှစ်လောင်းဖြစ်နေတယ်။ နှစ်လောင်းဆိုတာကတော့ လက်ဝဲစာတိုက်ကျေးရွာမှ မိန်းကလေးတစ်ဦးကလည်း ယမန်နေ့ မနက်က ဆေးရုံးမှာ ဆုံးသွားတယ်။ သူအလောင်းကိုလည်း မသဂြိုလ်ရသေးဘူး။ နာရေးကလည်း အလောင်းတွေကိို မယူရဲဖြစ်နေတယ်။ မယူရဲဆိုတာကလည်း လုံခြုံရေးအခြေအနေတွေကြောင့်ပါ” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲစာတိုက်ကျေးရွာမှ သေဆုံးသွားသော မဆန်းညွှန့်ဝေ၏ အစ်ကိုဖြစ်သူ ကိုဦးဌေးနိုင်က ညီမဖြစ်သူ၏ ရုပ်အလောင်းကို ဒီနေ့ မသဂြိုလ်ရလျှင် ရုပ်ပျက်၊ ဆင်းပျက် ဖြစ်နိုင်ကြောင်း နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ကျနော်ညီမက ယမန်နေ့ မနက်ကနေ ဝမ်းရောဂါနဲ့ ဆေးရုံမှာဆေးသွားတာ။ မနေ့က နာရေးကို အကူညီတောင်းတော့လည်း အခြေအနေမကောင်းလို့ ဒီနေ့သဂြိုလ်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ဒီနေ့လည်း မသဂြိုလ်ရဘူးဆိုရင် ကျနော်တို့မှာ အခက်အခဲတွေ အများကြီးဖြစ်လာနိုင်တယ်။ ဒီနေ့လည်း သဂြိုလ်ဖို့ ၊ မသဂြိုလ်ဖို့ဆိုတာကလည်း မသေချာဘူး။ ကျနော်တို့လည်း ဘာလုပ်လို့ ဘာကိုင်ရဖို့မှန်း မသိဘူးဖြစ်နေတယ်” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပုဏ္ဏားကျွန်း စခန်းမှူးတို့ကို နိရဥ္စရာသတင်းဌာနအနေဖြင့် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းကိုင်သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပေး ဖြေကြားခြင်း မရှိခဲ့ပေ။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ဦးထွန်းမောင်သို့ ဆက်သွယ်ရာ ယနေ့ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်ခန့် သေနတ်ပစ်သံ သုံးလေးချက်ကြားရပြီး အပြင်ကို မည်သူမှ မထွက်ဝံ့သဖြင့် သင်္ဂြိုလ်ရန် အခက်အခဲ ဖြစ်နေသည်ဟု ဆိုသည်။ 

နောက်ဆုံးရရှိသောသတင်းအရ လက်ဝဲစာတိုက်ကျေးရွာမှ သေဆုံးသွားသော မဆန်းညွှန့်ဝေ၏ အလောင်းကို ရွာသို့ ယူဆောင်ရန် စီစဉ်နေကြသည်ဟု သိရသည်။ 

ပုဏ္ဏားကျွန်းမြို့တွင် ဇွန်လ ၁၁ ရက် နံနက် ၈ နာရီကျော်က တပ်မတော်အရာရှိ တစ်ဦး ဓားဖြင့် တိုက်ခိုက်ခံရပြီး စစ်သည် တစ်ဦးဖမ်းခေါ်ခံရပြီးနောက် ပစ်ခတ်မှုများ ဖြစ်ပွားကာ လုံခြုံရေးတင်းကျပ်ထားသဖြင့် အခြေအနေတင်းမာမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။ 

ဆက်စပ် သတင်းများ