- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၂၆/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တွင်းကုန်းရွာမှ ကျေးရွာသားတစ်ဦး ညဉ့်အချိန် ငါးဖမ်းသွားစဉ် သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ကျောက်တွင်းကုန်းကျေးရွာမှ ဦးအောင်ကျော်သိန်း (၄၃) နှစ်ဖြစ်ကြောင်း ညီတော်စပ်သူ ဦးထွန်းသိန်းမောင်က ပြောသည်။
“ကျွန်းဦးမှာ သွားပြီး ကွန်သွားပစ်ကြတာ။ ရွာသားသုံးယောက်။ အဲဒီမှာ မီးမြင်ရတော့ ပန်းမြောင်း အောင်မင်္ဂလာတောင်ပေါ် စစ်တပ်ကနေ လှမ်းပစ်လိုက်တယ်လို့ သိရပါတယ်။ သူ့မှာက ခေါင်းထိုးဓါတ်မီးကို ခေါင်းမှာ ချိတ်ထားပါတယ်။ အဲဒါကို လှမ်းပစ်တာပေါ့။ ကျန်တဲ့နှစ်ယောက်ဆီမှာတော့ မထိဘူး။ သေနတ်နဲ့ လှမ်းပစ်တော့ ပြေးကြတယ်။ နှစ်ယောက်က နောက်ပြန်လှည့်ကြည့်တော့ ကျွန်တော်အစ်ကို ဒဏ်ရာရသွားတာ မြင်တော့ သူ့ကို ထမ်းပြီး ရွာကို ပြေးလာကြတယ်” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။
ရွာသို့ ရောက်ပြီး ည ၁၁ နာရီအချိန်တွင် ဦးအောင်ကျော်သိန်းမှာ နေအိမ်၌ သေဆုံးသွားခဲ့ကြောင်း၊ သေနတ် ဒဏ်ရာမှာ သူ၏ ညာဘက် နို့အုံ၌ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဦးထွန်းသိန်းမောင်က ပြောသည်။
ငါးဖမ်းသွားသော နေရာသည် စစ်တပ်တပ်စွဲထားရာ ပန်းမြောင်း အောင်မင်္ဂလာ တောင်နှင့် မိုင်ခွဲခန့်သာ အကွာအဝေးရှိကြောင်း ၎င်းက ပြောသည်။
ကွန်ပစ်သွားကြသည့် ကျန် အဖော် ၂ ယောက်တွင် ထိခိုက်မှု မရှိကြောင်း သိရသည်။
ငါးဖမ်းရန်သွားစဉ် သေနတ်ပစ်ခတ်ခံရ၍ ဦးအောင်ကျော်သိန်း သေဆုံးသွားသည်ကို ကျောက်တွင်းကုန်း ကျေးရွာမှ ကျောင်းထိုင်ဆရာတော်ကလည်း နိရဥ္စရာသို့ မိန့်ကြားသည်။
အလောင်းအား မြောက်ဦးဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်နေကြောင်းလည်း ယနေ့ နံနက် ၇ နာရီက ဆက်သွယ်စဉ် မိသားစုဝင်များက ပြောသည်။
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ကျောက်တွင်းကုန်းကျေးရွာမှ ဦးအောင်ကျော်သိန်း သေနတ်ကျည်ကျ၍ သေဆုံးသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ ဆက်သွယ်၍ မရသေးသဖြင့် ရွာသားများက တပ်ဘက်ကပစ်သည်ဟု ပြောကြားချက်နှင့် ပတ်သက်ပြီး မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။
သူ့တွင် ဇနီးနှင့် အတူ သားတစ်ယောက် သမီးတစ်ယောက် ကျန်ခဲ့သည်ဟု သိရသည်။