- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇူလိုင် ၁၁ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ယနေ့ ညနေ ၆ နာရီခွဲက ပစ်ခတ်မှုဖြစ်၍ သက်ကြီးရွယ်အို တစ်ဦးသေဆုံးကာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းပိုင်းရပ်ကွက်မှ ဦးရွှေသာ(၇၅)နှစ်နှင့် ဒဏ်ရာရရှိခဲ့သူမှာ ၄င်းရပ်ကွက်မှ မနန္ဒာဦး (၁၃)နှစ်ဖြစ်သည်။
သေဆုံးသူ ဦးရွှေသာ၏ သမီးဖြစ်သူ မအေးမေက “ နှစ်ဖက် အပြန်အလှန်ပစ်တယ်လို့ ထင်ပါတယ်။ သေနတ်ပစ်သံတွေကြားတော့ အဖေက လေဖြန်းနေတဲ့ အမေ့ကို အိမ်ပေါ်ကနေ အောက်ကိုကူချပေးနေတာပါ။ အမေက တွားဆင်းနေတဲ့အချိန် ကျွန်မကလည်း ကလေးတွေကို ဗုံးကျင်းထဲသွားဖို့ စုနေပါတယ်။ အဲဒီမှာ အဖေက ငါ့ဆီမှာထိတယ်ဆိုပြီး တစ်ခွန်းပြောပါတယ်။ ကျွန်မသွားကြည့်တော့ အသက်မရှိတော့ပါဘူး ” ဟု သူမကပြောသည်။
အမည်မဖော်လိုသူ ပုဏ္ဏားကျွန်းမြို့ခံ အမျိုးသမီးတစ်ဦးကလည်း ပစ်ခတ်မှုဖြစ်ပွားနေသဖြင့် ပုန်းခိုနေရကြောင်း ပြောသည်။
သူမက “လက်နက်ကြီးအသံတွေလည်းကြားတယ်။ လက်နက်ငယ်အသံတွေလည်းကြားတယ်။ မြို့ထဲကိုလည်း သေနတ်ကျည်ထိကျတယ်။ ကျွန်မတို့အိမ်မှာလည်း လက်နက်တွေထိတယ်။ အခု အိမ်အောက်တွေမှာ ဝပ်နေကြတယ်” ဟုပြောသည်။
သေဆုံးသူ ဦးရွှေသာတွင် ဘယ်ဖက်ရင်အုံအောက်ကို လက်နက်ကျည်ထိမှန်သေဆုံးခြင်းဖြစ်ပြီး မနန္ဒာဦးတွင် ညာဖက် ခြေသလုံးကျည်ဖောက်ထွက်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က အတည်ပြုပြောကြားသည်။
ဦးဦးထွန်းမောင်က “နှစ်ဖက်တိုက်ပွဲဖြစ်လားမဖြစ်လားမသေချာဘူး။ နာရီဝက်လောက်ပစ်ခဲ့တယ်။ တပ်ကတော့ ကင်းတောင်ဘက်ကနေပစ်တာပဲ။ လက်နက်ကြီး ၊ လက်နက်ငယ်အသံတွေ အစုံကြားရတယ်။ တစ်ယောက် သေတယ်။ ဒဏ်ရာရတဲ့ ကလေးမလေးကတော့ ဆေးရုံမှာပါ။ ကျောင်းသူထင်ပါတယ်။” ဟု အတည်ပြုပြောသည်။
အဆိုုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား ဆက်သွယ်ရာ ဆက်သွယ်မှု မရရှိသေးပါ။