- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
နှင်းနွယ်နီ
နိရဥ္စရာ၊ ဇူလိုင် ၁၂/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ အငူမော်တောင်ဦးအနီးရှိ အောင်ဗလကျေးရွာ၌ ယမန်နေ့ ဇူလိုင်လ ၁၁ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း အမျိုးသမီးနှစ်ဦး ကျည်ဆံထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ယင်းအထဲမှ တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ချက်ချင်း စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။
ထိခိုက်ဒဏ်ရာ ရရှိသွားသူနှစ်ဦးမှာ အောင်ဗလကျေးရွာမှ သမီးယောင်းမတော်စပ်သည့် ဒေါ်မသန်းဝင်း (၅ဝ)နှစ်နှင့် ဒေါ်ဦးသန်းခင် (၃၇)နှစ်တို့ ဖြစ်သည်။
ဒဏ်ရာရသူ အမျိုးသမီးနှစ်ဦးနှင့်ဆွေမျိုးတော်စပ်သူ ဒေါ်မညိုက “သူတို့တွေက ရွာအစွန်းက အိမ်မှာ နေတာ။ အဲဒီမှာ အိမ် လေးငါးဆောင်ရှိတယ်။ တပ်မတော်စစ်ကြောင်းက ကားလမ်းမက မသွားဘဲ လယ်ကွင်းနားက သွားတာ။ စစ်ကြောင်းတက်လာတော့ ပေါက်တောပြင်ရောက်ကတည်းက ပစ်သံကြားရတယ်။ ဆင်ပိုက်ကို ရောက်ရင်လည်း ပစ်သံကြားရတယ်။ ကျမတို့ ရွာကိုရောက်ရင်လည်း ပစ်သံကြားရတယ်။ စစ်ကြောင်းက တစ်ကြောင်းပြီး တစ်ကြောင်းသွားနေကြတာ။ အဲဒီမှာ သူတို့ သမီးယောင်းမ နှစ်ယောက်က အိမ်ပေါ်မှာ ထိုင်နေရင်း ကျည်ထိသွားတာ”ဟု ၎င်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
သေနတ်ပစ်ခတ်ခံရ၍ ဒေါ်မသန်းဝင်းတွင် ဘယ်ဘက်ခြေသလုံးတွင် ကျည်ရှပ်ထိမှန်ခဲ့ပြီး စိုးရိမ်စရာ မရှိသော်လည်း ဒေါ်ဦးသန်းခင်တွင် ညာဘက်လက်မောင်းသို့ ကျည်ဖောက်ဝင်သွားခဲ့သည့်အတွက် ဒဏ်ရာကို စိုးရိမ်ရ၍ စစ်တွေ ဆေးရုံသို့ပို့ဆောင်လိုက်ရသည်ဟု ဆွေမျိုးတော်စပ်သူ ဒေါ်မညိုက ပြောသည်။
အောင်ဗလ ကျေးရွာ အနီးအနားတွင် ယမန်နေ့၊ နေ့လယ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တစ်မတော်စစ်ကြောင်းက လမ်းကြောင်းဘေးတစ်ဖက် တစ်ချက်ရှိ မသင်္ကာသို့ နေရာများအား ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေါ်မညိုက ဆက်ပြောသည်။
အိမ်နီးနားချင်း အမျိုးသမီးတစ်ဦးက သူတို့က “ သူတို့က အိမ်ပေါ်မှာထိုင်နေကြတာ။ အိမ်မှန်တံခါးတစ်ချပ် ပွင့်နေလို့ ဒေါ်ဦးသန်းခင်က တံခါးကို ဆွဲပစ်တဲ့ အချိန်မှာကျည်က လက်မောင်းကိုလာထိတာ။ သူက ဒဏ်ရာပြင်းတော့ စစ်တွေဆေးရုံကို ယူသွားရတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ ဒေါ်မသန်းဝင်းမှာ ခြေထောက်မှာ နည်းနည်းပါးပါး ဒဏ်ရာရသွားတယ်” ဟု ပြောဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းတို့အား နိရဥ္စရာမှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။
ရသေ့တောင်မြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်လတ်အား နိရဥ္စရာမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပစ်ခတ်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းမှာ မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။
အောင်ဗလ ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။