- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၁၉ / ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာမှ လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် ကျောင်းဆရာမှာ ရသေ့တောင်မှ စစ်တွေသို့ ယူဆောင်စဉ် လမ်းတွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူ ဦးမောင်မောင်ဦး(၂၁)နှစ်မှာ ငစံဘော်ကျေးရွာတွင် တာဝန်ကျနေသည့် မူလတန်းပြ ကျောင်းဆရာတစ်ဦးဖြစ်သည်။
ယနေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က နွားရေတိုက်ရန် လယ်ကွင်းသို့ သွားချိန်တွင် ရသေ့တောင်မြို့ဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်စ ထိမှန်၍ သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။
၄င်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “ သူက ပညာရေးကောလိပ် ကျောင်းဆင်းလို့ ဒီနှစ်ပဲ အလုပ်ရတာ။ ရသေ့တောင်ဘက်က ပစ်လိုက်တဲ့လက်နက်ကြီးက ရွာလယ်ကွင်းမှာ ကျပေါက်တဲ့အချိန်မှ ထိတာ။ မျက်လုံးကို ဖောက်ဝင်သွားတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲနဲ့ ပစ်တာ။ ရသေ့တောင်ကနေ စစ်တွေကိုယူတဲ့ လမ်းမှာ သေတာ” ဟုပြောသည်။
မိသားစုဝင်များအား ဆက်သွယ်ရာတွင် သေဆုံးသူအနီးသို့ ရောက်ရှိနေသည့် နယ်ခံသတင်းထောက် တစ်ဦးဖြစ်သူ ကိုမြတ်ကျော်က သူ၏ အမေဖြစ်သူမှာ စိတ်ထိခိုက်ပြီး စိတ်မူမှန်ဖြစ်နေသဖြင့် ၄င်းအား မေးမြန်းနိုင်ခြင်းမရှိသေးကြောင်း ပြောသည်။
ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ၄င်းသေဆုံးမှုမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။
“ရွာသားတွေပြောတာကတော့ ရသေ့တောင်ဘက်ကပစ်တာလို့ပြောတယ်။ ဘာတိုက်ပွဲမှ မရှိဘူး။ ဒီလိုအရပ်သားတွေ မထိခိုက်အောင်တော့ အစိုးရမှာ တာဝန်ရှိတယ်။ ကာကွယ်စောင့်ရှောက်ရမှာ ”ဟုပြောသည်။
သေဆုံးသူအား ရသေ့တောင်မြို့ဆေးရုံကြီးသို့ိပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။