- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ခိုင်လူလှ (ရိုးမေမြ)
နိရဥ္စရာ၊ အောက်တိုဘာ ၂၁/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှ အသက် ၆ဝ ကျော်အရွယ် လူကြီးနှစ်ဦးဖြစ်ကြသည့် ဦးဦးသိန်းမောင်နှင့် ဦးဦးသာဇံတို့ကို လက်နက်ကိုင် အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
မျက်မြင် ဒေသခံများအပြောအရ ယနေ့နံနက်က ဦးဦးသိန်းမောင်ကို ငလပြားဆိပ်ကမ်းတွင် ဖမ်းဆီးပြီး ဦးဦးသာဇံကို ရေပိုက်ဆုံဘက်မှ ဘေးစီမံအစီအစဉ်ဖြင့်ကယ်ဆယ်ရေး ပေး၍ ပြန်အလာ တွင် ငလပြား ဆိပ်ကမ်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဒေါ်ခင်စောဝေ အပါအဝင် ဘေးစီမံအဖွဲ့ဝင်များနှင့် အတူ ဦးဦသိန်းမောင်၊ ဦးဦးသာဇံတို့ ဘေးစီမံအစီအစဉ်ဖြင့် ရေပိုက်ဆုံ ကျေးရွာသို့ ရိက္ခာများ အကူအညီပေးရန် သွားရောက်စဉ် ငလပြား ဆိပ်ကမ်းတွင် ဖမ်းဆီး ခေါ်ဆောင်ခံရသည်ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်ဒေါ်ခင်စောဝေအား မေးမြန်းရန် ဖုန်းဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
မည်သည့်အတွက် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း၊ ယနေ့ ညနေ ၅ နာရီကျော်ထိ အဆက်အသွယ် မရသေးကြောင်း၊ မိသားစုများ အနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း ဆွေမျိုးတစ်ဦးမှ နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။
ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။