ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

ရသေ့တောင် မေယုတောင်တန်းတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် အနီးအနားရှိကျေးရွာသားများ ရာနှင့်ချီထွက်ပြေးရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.1k

နိရဉ္စရာ၊ သြဂုတ် ၁၃/၂၀၂၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အနောက်တောင်ပိုင်း မေယုကမ်းတွင် ယနေ့ နံနက်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဒေသခံကျေးရွာသားများ ရာနှင့်ချီ နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ချိန်ခါလိန်ကျေးရွာမှ လူဦးရေ ၅၀၀ ကျော်ခန့်သည် အနီးအနားရှိ ကိုးတန်ကောက်ကျေးရွာနှင့် မေယုတောင် အရှေ့ဘက်တွင် တည်ရှိသည့် သံချောင်းကျေးရွာနှင့် ကြံတိုင်းအောင်ကျေးရွာ အစရှိသည့် ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု ကျေးရွာသားများက ပြောသည်။
အမည်မဖော်လိုသူ ကျေးရွာသား တစ်ဦးက "အခု သံချောင်းကို ရောက်နေကြပြီ။ ပြေးလာကြတာက လူပေါင်းသုံး၊ လေးရာလောက်ရှိတယ်။ ကိုးတန်ကောက် ဘက်ကိုလည်း ပြေးလို့ရှိကြတယ်။ ထိခိုက်တဲ့သူတွေတော့ မရှိဘူး။ ရွာထဲမှာ ပျောက်နေကြတဲ့သူတွေလည်း မရှိပါဘူး" ဟုပြောသည်။
ယနေ့ တိုက်ပွဲသည် ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလိန် ကျေးရွာအကြား မေယု တောင်တန်းတွင် ယနေ့နံနက် ၈ နာရီခန့်က စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါတိုက်ပွဲသည် နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲစတင်ဖြစ်သည့် အချိန်မှစ၍ ကြောက်လန့်ကာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးခဲ့ကြကြောင်း သံချောင်းကျေးရွာသို့ ရောက်ရှိနေသည့် ချိန်ခါလိန်ကျေးရွာသား တစ်ဦးက ပြောသည်။
လက်ရှိတွင် နေရပ်စွန့်ခွာ၍ထွက်ပြေးလာကြသော ဒေသခံများသည် နီးစပ်ရာကျေးရွာများနှင့် ဆွေမျိုးနီးစပ်ရာအိမ်များတွင် ခိုလှုံနေကြပြီး ဒေသခံများအထိအခိုက်မရှိဘဲ ပျောက်ဆုံးနေသူ မရှိနိုင်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။
ယင်းအနီးအနားရှိ ဒေသခံတစ်ဦးက "ကျွန်တော်က မြစ်ကငါးရှာပြီး တက်လာတာ။ တိုက်ပွဲဖြစ်လို့ တစ်ခြားရွာကို ဆုတ်နေကြရတယ်။ ကျော်လမ်းမြောင်မှာဖြစ်တယ်လို့ သိရတယ်။ ချိန်ခါလီနဲ့ ဒုံးပိုက်ရွားကြားမှာ။ ရွာနှစ်ရွာက ခြေကျင်ခရီးသွားရင် တစ်နာရီခရီးပဲရှိတယ်။ ရွာသားတွေက ကြောက်ပြီးတော့ အကုန်လုံးထွက်ပြေးကုန်ကြပြီ။ ဒီကိုးတန်ကောက်ရွာဘက်ကို စစ်ကြောင်း လှည့်လာရင်တော့ ဒီကိုးတန်ကောက်ရွာဘက်ကို ရောက်နေတဲ့ သူတွေက ဆက်ပြီး ပြေးစရာမရှိတော့ဘူး" ဟု ကပြောသည်။
လက်ရှိတွင် နံနက်ကတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ လက်နက်သံများ မကြားရဘဲ ငြိမ်သက် နေသော်ငြားလည်း ဒေသခံများမှာ နေရပ်သို့ပြန်ရန် ကြောက်လန့်နေကြဆဲဖြစ်ကြောင်း ချိန်ခါလိန်ကျေးရွာမှ ထွက်ပြေးလာသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
"လောလောဆယ်တော့ ထွက်ပြေးလာသူတွေက အသိအိမ်တွေမှာ ထမင်းချက်စားပြီးနေနေကြရတယ်။ ခုနတုန်းက ရွာကဆရာတော်တစ်ပါး ရွာကိုခဏ ပြန်သွားကြည့်တုန်းကတော့ ဘာမှမဖြစ်ဘူးလို့ ပြောတယ်တဲ့။ ဒါပေမယ့် ကျမတို့ကတော့ တိုက်ပွဲဘယ်အချိန်ပြန်ဖြစ်မလဲမသိတော့ မသွားရဲကြသေးဘူး။ အခြေအနေစောင့်ကြည့်ရအုံးမယ်" ဟုပြောသည်။
ဒုံးပိုက်ကျေးရွာဒေသခံများသည်လည်း အောင်ဗလကျေးရွာနှင့် အခြား နီးစပ်ရာကျေးရွာများသို့ ကား ဆိုင်ကယ်များနှင့် ထွက်ပြေး တိမ်းရှောင် ခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် တိမ်းရှောင်လာကြသောဒေသခံများသည် မည်သည့်အချိန်တွင် မိမိရွာကို ပြန်နိုင်မည်ကို မသိရသေးဟု ဆိုသည်။ (NN-8/ 12)
( ဓာတ်ပုံ- ယခင်ဓာတ်ပုံဟောင်း)

ဆက်စပ် သတင်းများ