စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တိုက်ပွဲကြားက ဆယ်ကျော်သက်အမျိုးသမီးငယ်တွေရဲ့အခက်အခဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 433

ရေးသားသူ- ကိုဇော်

နိရဉ္စရာ(ဆောင်းပါး) ဇန်နဝါရီ ၁၀/၂၀၂၄

 

 ရခိုင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) စစ်ကောင်စီအဖွဲ့ကြား စစ်ရေးတင်းမာမှုတွေ တိုးလာနေသလို စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကို ကြုံတွေ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်ကလည်း တစ်နေ့ထက်တစ်နေ့ များပြားလျှက်ရှိနေပါတယ်။

 

အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ကျေးရွာတွေအထဲကို သေနတ်နဲ့ပစ်ခတ် ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့တာတွေရှိသလို အဝေးကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တဲ့အတွက် လူနေအိမ်တွေ မီးလောင်ပျက်စီးပြီး အရပ်သားသေဆုံး ဒဏ်ရာရမှုတွေလည်း ရှိနေပါတယ်။ 

 

ခုလိုမျိုး စစ်ကောင်စီတပ်ရဲ့ လူမဆံတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ရခိုင်ပြည်နယ် မြို့ပြ ကျေးရွာ ဒေသအများအပြားက အမျိုသမီးငယ်တွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေအစ ဒေသခံအများအပြားလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်း နေကြရပါတယ်။

 

လုံခြုံတယ်လို့ ထင်ရတဲ့ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရသူတွေဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေး လာကြသူတွေမို့ ရောက်တဲ့ အရပ်တွေမှာ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးတွေကအစ  အထူးအခက်အခဲဖြစ်နေကြတာပါ။ အထူးသဖြင့် ချမ်းအေးလှတဲ့ ခုလို ဆောင်းရာသီမျိုးမှာအနွေးထည်၊ စောင်၊ အောက်ခံ ဖျာ-မွေ့ရာတွေလည်း အလုံအလောက် မရရှိတာမို့ ဆောင်းတွင်း အအေးဒဏ်ကို အံကြိတ်ခံပြီး ဖြတ်သန်းနေကြရတယ်လို့ သိရပါတယ်။

 

စစ်ဘေးရှောင်တွေခိုလှုံနေကြရတဲ့ နေရာတွေကလည်း လက်ရှိမှာ ဘာသာရေး အဆောက်ဦတွေ၊ အမိုးအကာ မလုံတဲ့ စာသင်ကျောင်းတွေမှာ အဓိက ခုံလှုံနေထိုင်ကြရတာဖြစ်ပါတယ်။ ဒီလို အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ဖြတ်သန်းနေကြရတဲ့ စစ်ဘေးရှောင်တွေအထဲမှာ ပိုပြီး အခက်ခဲအများဆုံးနဲ့ ရင်ဆိုင်နေရတဲ့ သူတွေကတော့  ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တွေဖြစ်ပါတယ်။

 

အမျိုးသမီးငယ်တွေဆိုတာကတော့ သာမာန်လူတွေနဲ့ မတူတဲ့ လိုအပ်ချက်တွေရှိနေပါတယ်။ အမျိုးသမီးတွေအတွက် မသုံးမဖြစ်တဲ့ လစဉ်သုံး ပစ္စည်းတွေ လိုအပ်သလို ရေချိုး၊ အိမ်သာ သွားရာကအစ လုံခြုံမှု ရှိဖို့ လိုအပ်ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က ရဲရိုးပြင်ရွာက စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးငယ် တစ်ယောက်ကတော့ သူရဲ့ အခက်အခဲကို ခုလို ပြောဆိုပါတယ်။

 

ရွာထဲကိုသေနတ်ပစ်ပြီးဝင်လာကြတယ်။ရွာကိုလည်းကိုလည်း မီးရှိုးလိုက်တော့ ချက်ချင်း အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ မိသားစုအလိုက် အသက်လု ထွက်ပြေးခဲ့ရတယ်။ အခုနီးစပ်ရာ ကျေးရွာတစ်ရွာက စာသင်ကျောင်းမှာ နေထိုင်ကြရပါတယ်။ အခက်အခဲတွေကတော့ ပြောမပြတတ်အောင်ပါပဲ။ စားသောက်နေထိုင်ရေး၊ လုံခြံရေးလည်း ပါတာပေါ့။ လက်ရှိကတော့ ပြေးလာတုန်းကဝတ်ထားတဲ့ နားကပ်တွေ၊ လက်စွပ်တွေ ရွှေစလေးတွေကို ရောင်းပြီး စားသောက် နေထိုင်ကြရပါတယ်။ အမျိုးသမီးတွေအနေနဲ့ဆိုရင်ပိုပြီး အခက်အခဲဖြစ်ရတယ်။ နေထိုင်နေရာက တံခါးတွေပျက်နေတွေ၊ ပြတင်းပေါက်တွေလည်းဒီတိုင်းဆိုတော့ လုံခြုံမှုလုံးဝမရှိပါဘူး။ နောက်ပြီး အဝတ်အစား၊ အမျိုသမီး လစဉ်သုံး ပစ္စည်းတွေကအစ အခက်ခဲဖြစ်ရပါတယ်။

 

အဲဒီ ရဲရိုပြင်ကျေးရွာမှာ မီးလောင်မှုကြောင့် ကျေးရွာအတွင်းက လူနေအိမ် ၁၃၀ လောက် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီကျေရွာအနီးက ခမောင်တောကျေးရွာမှာလည်း ဒီဇင်ဘာလ ရက်နေ့က စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် လုံး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။ အခုလို စစ်ကောင်စီက လက်နက်ကြီးအပါအဝင် ဒရုန်းတွေနဲ့ပါ ပစ်ခတ်မှုတွေကြောင့် ရဲရိုးပြင်အနီးအနားက ကျေးရွာတွေဖြစ်ကြတဲ့ အောင်မြေကုန်း၊ အောင်ဇေယျ၊ ခမောင်းတော၊ ရဲရိုးပြင်၊ ဆားတောင်ပုတ်နဲ့ ကန်ချောင်း စတဲ့ကျေးရွာတွေက ဒေသခံအများအပြားမှာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 

မင်းပြားမြို့နယ်မှာလည်း မြိုပြနဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေကို နေ့စဉ်ဓူ၀ လုပ်ဆောင် နေသလို မင်းပြားမြို့အနီး စစ်ကောင်စီ ၅၄၁ တပ်က လမ်းသွားလမ်းလာတွေ၊ ဆိုင်ကယ်တွေနဲ့ စက်လှေတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

 

စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေများပြား လာတဲ့ မင်းပြား မြို့နယ်မှာလည်း ဒေသခံ အများအပြား ဘေးလွတ်ရာကို ထွက်ပြေး တိမ်ရှောင်နေကြရပါတယ်။ အခုလို ထွက်ပြေး တိမ်းရှောင်နေချိန်မှာ အမျိုးသမီးငယ်တွေအနေနဲ့ လုံခြုံရေး၊ စားဝတ်နေရေး စတဲ့အခက်အခဲ တွေပိုမိုကြုံတွေ့ နေကြရတယ်လို့လည်း မင်းပြားမြို့နယ်က သားသမီး ဦးရဲ့  မိခင်ဖြစ်သူ အမျိုးသမီးတစ်ယောက်က ပြောဆိုပါတယ်။

 

လက်နက်ကြီးတော့ ဆက်တိုက်ပစ်နေတော့ ကြောက်ပြီးမိသားစုလိုက်ထွက်ပြေးကြရပါတယ်။ အသက်ထက်ဘာမှ အရေးမကြီးဘူးလေ။  စားနပ် ရိက္ခာတွေ၊ အဝတ်အစားတွေလည်းမယူခဲ့ရဘူး။ နီးစပ်ကျေးရွာတစ်ရွာကို ထွက်ပြေးခဲ့ရတယ်။ သားသမီးသုံးယောက် မှာ သမီးလေး နှစ်ယောက်က ၁၈ နှစ်၊ ၁၆ မှစ်အရွယ်ဆိုတော့ သူတို့အတွက်လည်း လုံခြုံမှုမရှိဘူး။ နေရတဲ့နေရာကလည်း အမိုးအကာတွေ မလုံခြုံဘူး။ အဝတ်အစား ရေချိုးတဲ့ နေရာတွေကအစ အခက်ခဲကြုံရတယ်။ မိခင် တစ်ယောက်အနေနဲ့တော့ စိတ်မကောင်းလည်းဖြစ်ရတယ်။ စိုးရိမ်းစိတ်လည်းဖြစ်ရပါတယ်။

 

အလားတူတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ရသေ့တောင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်က ကျေးရွာ အနီးအနားတွေကို လက်နက်ကြီးပစ်ခတ်မှုနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ရသေ့တောင်မြို့နယ်က ဒေသခံ ,၀၀၀ ခန့်ဟာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ နေရပ်စွန့်ခွာ တိမ်းရှောင် နေကြရတဲ့ ကျေးရွာတွေမှာ ရသေ့တောင်မြို့နယ်က ဒုံးပိုက်၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ ကြံတိုင်းအောင်စတဲ့ ကျေးရွာတွေဖြစ်ပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့အချိန်ကစလို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်ရှောင် နေကြရတာလို့လည်း ပြောဆိုကြပါတယ်။

 

လက်ရှိမှာ နေရပ်စွန့်ခွာထွက်ပြေးလာကြသူတွေအနေနဲ့ နီးစပ်ရာကျေးရွာတွေ ဖြစ်ကြတဲ့ ရသေ့တောင် မြို့နယ်က အောင်ဗလ၊ ဆင်ပိုက်၊ ပေါက်တောပြင်စတဲ့ ကျေးရွာတွေကိုထွက်ပြေးခဲ့ကြပြီး နီးစပ်ရာ အသိမိတ်ဆွေတွေရဲ့နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေမှာ ခိုလှုံနေထိုင် နေကြတယ်လို့ သိရပါတယ်။

 

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြသူတွေအနေနဲ့ သာဘာရေးအဆောက်အဦတွေမှာ ခိုလှုံနေထိုင်ကြရတဲ့ အတွက် ယဉ်ကျေးမှုအစဉ်အလာနဲ့ ဘာသာရေးဆိုင်ရာ စည်းကမ်းချက် တချို့ကြောင့် အမျိုးသမီးတွေအတွက် အထူး အခက်အခဲဖြစ်ကြရတယ်လို့ ဆိုပါတယ်။ 

 

အမျိုးသမီးငယ်တွေအတွက်ကတော့ နေရတဲ့ နေရာက လူအများစုကြီးနဲ့ နေကြရတော့ လုံခြုံမှုက တကယ် အားနည်းပါတယ်။ ဘုန်းကြီးကျောင်း တွေမှာ ခိုလှုံနေထိုင်ရတော့ အရမ်းကို ကျဉ်းကျပ်ပါတယ်။ ဘာသာရေး အဆောက်အဦးလည်းဖြစ်ပြီး လူအများကြီးကြားထဲမှာ နေရတာဆိုတော့ ကျဉ်းကျပ်မှုကတော့ မျိုးစုံပါဘဲ။ ရေချိုးတာ၊ အိမ်သာတက်တာက အစအခက်အခဲပါ။ သနပ်ခါးဆိုလည်း လိမ်းဖို့ အခက်အခဲပါ။  အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေကလည်း အလုံအလောက် မရှိတော့ အခက်အခဲတွေ အများကြီးရှိပါတယ်လို့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးက ပြောပါတယ်။

 

ဒါပေမယ့်လည်း ရခိုင်ကျေးလက်တောရွာသဘာ၀အတိုင်း တစ်ဦးကို တစ်ဦးကူညီတာ၊ အမျိုးသမီးငယ်တွေအပေါ်မှာ အထူး ဦးစားပေး စောင့်ရှောက်တာတွေကြောင့် လိုအပ်ချက် တချို့ရှိတာကလွှဲပြီး ကျန်နေရထိုင်ရတာတွေကတော့ ဒီကနေ့ထိ အဆင်ပြေနေပြီးတော့ ဘာပြသနာ ပေါ်ပေါက်တာ မရှိဘူးလို့ ဆိုပါတယ်။

 

ရခိုင်မှာ တိုက်ပွဲတွေက တစ်နေ့ထက် တစ်နေ့ ပြင်းလာတာမို့ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မောင်တော၊  ဘူးသီးတောင်၊ အမ်း စတဲ့မြို့နယ်တွေမှာ ဒေသခံ အများအပြားဟာ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြပြီး လူဦးရေအားဖြင့် သုံးသိန်း ကျော်လောက်တောင် ရှိနေတယ်လို့ သိရပါတယ်။

 

ဒီအထဲမှာ တစ်ဝက်ကျော်က ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တွေ တွေဖြစ်ကြပြီး ကျောင်းတွေလည်း ဆက်မတက်နိုင်တော့တဲ့ အနေအထားဖြစ်နေတဲ့အတွက် ကလေးတွေရဲ့ အနာဂတ်ကိုတော့ စိုရိမ်စရာဖြစ်နေတယ်လို့ မြောက်ဦးမြို့နယ်က ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

 

လက်ရှိ ရခိုင်ပြည်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း တိုက်ပွဲနဲ့  မဆိုင်တဲ့ လူနေကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတဲ့အတွက် စာသင်ကျောင်းတွေ တော်တော်များကို ပိတ်ထားရတယ်လို့ သိရပါတယ်။

 

မြောက်ဦးက Grade 10 တက်နေတဲ့ ကျောင်းသူတစ်ဦးကတော့ သူမတို့ လက်ရှိနေထိုင်ရတဲ့ စစ်ဘေးရှောင်ဘ၀ အခြေအနေက  အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပေမယ့် ကိုယ့်ရခိုင်ပြည်က ကိုယ့်လူမျိုးတွေရဲ့ လက်ထဲကို ရောက်လာတော့မှာမို့  ရင်ထဲမှာ ဖြေသိမ့်နိုင်တယ်လို့ ပြောဆိုပါတယ်။

 

စစ်ဘေးရှောင်ဘ၀ဆိုတာက  အခက်အခဲမျိုးစုံပါဘဲ။ ကျွန်မတို့လို မိန်းခလေးငယ်တွေအတွက် ပိုဆိုးပါတယ်။ နေ့တိုင်း လက်နက်ကြီးသံ သေနတ်သံတွေကို ကြားနေရတော့ အရမ်းစိုးရိမ်မိတယ်။ လေယာဉ်တွေလာရင် နေစရာမရှိ အဲသလို ခံစားရပါတယ်။ အခု ကျောင်းလည်း မတက်ရတဲ့ အတွက် ကျောင်းကို လွမ်းမိသလို ပညာရေးအတွက် ကုန်ဆုံးသွားတဲ့ အချိန်ကို နှမြောမိပါတယ်။ ဒါပေမယ့် ကိုယ့်ရခိုင်လူမျိုးတွေ မျှော်လင့်နေတဲ့ ပန်းတိုင်ကို ရောက်တော့မှာမို့  ခုကြုံတွေ့နေရတဲ့ အခက်အခဲတွေက ဘာမှ ပြသနာမဟုတ်ပါဘူး။ ကြံ့ကြံ့ခံရပ်တည်နိုင်ပါတယ်။  လွတ်လပ်တဲ့ နေ့ရက်တွေရောက်မှဘဲ ကျောင်းတွေကို အတိုးချတက်ရတော့မှာတွေးပြီး ဝမ်းသာနေမိပါတယ်လို့ ပြောဆိုပါတယ်။


တကယ်တော့လည်း သူမတွေးသလို လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ရောက်ဖို့အတွက် ပေးဆပ် နေရခြင်းဖြစ်ပါတယ်။ ဒီကနေ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ညီငယ် ညီမငယ်တွေအားလုံး ရင်ဆိုင်ဖြတ်ကျော်ရင်း လှပတဲ့ အနာဂတ် နေ့သစ်က တစ်နေ့ မလွှဲမသွေ ရောက်ရှိလာတော့မှာဖြစ်ပါတယ် 

 

(ပြီး)

ဆက်စပ် သတင်းများ