တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာမှ ဒေသခံ ၄ဦး လက်နက်ကြီးကျည်ထိမှန်၊ ကျောက်တန်းရွာအနီးဂျက်တိုက်လေယာဉ်ဖြင့် ထပ်မံတိုက်ခိုက်မှုများရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.4k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၁၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြာပင်ရင်းကျေးရွာမှ ဒေသခံ ၄ ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းကျေးရွာအနီးတွင်လည်း ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ယနေ့ ထပ်မံ တိုက်ခိုက်မှု ရှိခဲ့သည်ဟု သတင်းရရှိသည်။

ဒဏ်ရာရသွားသည့် ပြာပင်ရင်းမှ ဒေသခံ၄ ဦးမှာ ဦးမောင်မြထွန်း (၅၆) နှစ်၊ ဦးဘရွှေ (၅၇) နှစ်၊ ဦးသိန်းစိန်မောင် (၃၅) နှစ်နှင့် ဦးမောင်မြခင် (၃၄) နှစ်တို့ဖြစ်ကြပြီး ယနေ့ နေ့လယ် ၂ နာရီခန့်က စာသင်ကျောင်းမှာ ထိုင်နေကြစဉ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာမှ ဒဏ်ရာရရှိခဲ့သည်ဟု  ရသေ့တောင်မြို့ပေါ်ဆေးရုံသို့ ရောက်ရှိနေသည့် ကျည်စထိမှန်ခဲ့သူ  ဦးသိန်းစိန်မောင်က နိရဥ္စရာ သတင်းဌာနကို ပြောသည်။

“ကျွန်တော်တို့ ရွာက စာသင်ကျောင်းမှာ ထိုင်နေကြတာ။ အဲဒီမှာ ပထမဆုံး လက်နက်ကြီးကျည်တစ်လုံး လာကျတယ်။ ကျတော့ ကျွန်တော်တို့က ပုန်းနေရမယ်ဆိုပြီး အုတ်နံရံမှာ ကပ်နေကြပါတယ်။ အဲဒီမှာ နောက်လက်နက်ကြီးတစ်လုံးက အနားကို လာကျတယ်။ အဲဒီမှာ ကျွန်တော်တို့ ၄ ယောက်လုံးကို ထိတာပါ။ ရသေ့တောင် မြို့ပေါ်တပ်ရင်းတွေဘက်က လာတာပါ။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ဒဏ်ရာရှိသွားသူများမှာ တံတောင်ဆစ်၊ နဖူး၊ ဒူးများတွင် ဒဏ်ရာရှိသွားကြပြီး ယင်းထဲမှ ဦးမောင်မြထွန်းနှင့် ဦးဘရွှေမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ ယင်း ဒဏ်ရာရ လူနာ ၄ ဦးစလုံးအား စပိဘုတ်ငယ်ဖြင့် ယနေ့ ၃ နာရီခန့်က ရသေ့တောင်ဆေးရုံသို့ တင်ဆောင်သွားပြီဖြစ်ကြောင်း ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ရသေ့တောင်က လှမ်းပစ်တာပါ။ ပုံမှန်ဆိုရင် ရွာထဲကို မကျပါဘူး။ မနေ့က တိုက်ပွဲဖြစ်တုန်းကလည်း သူတို့ ပစ်တာပါပဲ။ ဒါပေမယ့် ဟိုဘက်ကို ရွာက ကျော်ပြီး သွားတာ။ ဒီနေ့မှ လက်နက်ကြီးက ရွာထဲကို လာကျတာပါ။ အဲဒီမှာ ဒဏ်ရာရကြတာ။ အခု ရွာသားတွေလည်း ကြောက်ပြီး ထွက်ပြေးနေကြပါပြီ။ ဘာတိုက်ပွဲမှလည်း မဖြစ်ဘဲ ပစ်တာပါ။” ဟု ၎င်းက ပြောသည်။

ပြာပင်ရင်းကျေးရွာတွင် အိမ်ခြေ ၁ဝ၉ ဆောင်ရှိပြီး လူဦးရေ ၆ဝဝ ခန့်ရှိကြောင်း၊ ယင်းထဲမှ ကျေးရွာအတွင်း လူဦးရေ ၁ဝ ဦးခန့်သာ ကျန်ရှိတော့ကြောင်း ကျန်ကျေးရွာသားများမှာ ရသေ့တောင်မြို့နယ် ရန်အောင်ပြင်၊ စျေးကုန်တန်းနှင့် မိညိုထောက်ကျေးရွာများသို့ ထွက်ပြေးသွားကြကြောင်း ယင်းရပ်မိရပ်ဖက ပြောသည်။

ယနေ့ နေ့လယ် ၂ နာရီ ခွဲခန့်က ရသေ့တောင်မြို့နယ် မြောက်ပိုင်း ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားရာ  အောင်သာစည်ကျေးရွာအနီးရှိ တောင်တန်းများအား ဂျက်လေယာဉ်နှစ်စီးက ပစ်ခတ်မှုများရှိခဲ့ကြောင်း ကျောက်တန်းကျေးရွာမှ ထွက်ပြေးနေရသူ ဒေသခံတစ်ဦးက ပြောသည်။

“ထီးစွဲတောင်တွေ၊ အောင်သာစည်တောင်တန်းတွေကို ဂျက်တိုက်ယာဉ်တွေက ၄ မိနစ်လောက်ကြာ ပစ်ခတ်ခဲ့ပါတယ်။ နှစ်ဘက်တိုက်ပွဲတော့ ကျွန်တော်တို့ မကြားဘူး။ ရေစိုးချောင်းဗျူဟာကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်ပါတယ်။ ရွာအနီးနားမှာ ကျတာတွေလည်း ရှိပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ လူ ၄ ဦး ဒဏ်ရာ ရရှိခဲ့သည့် ပြာပင်ရင်းကျေးရွာသည် ရသေ့တောင်မြို့၏ အနောက်ဘက် ၅ မိုင်ခန့်အကွာ မေယုမြစ်၏ တစ်ဖက်ကမ်းတွင် တည်ရှိပြီး ကျောက်တန်းနယ်မြေမှာ ရသေ့တောင်မြို့နယ် မြောက်ဘက် ၁ဝ မိုင်ခန့် အကွာတွင် တည်ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းအဆက်သွယ်မရရှိသေးပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဥ္စရာမှ ယနေ့ ညနေ ၅ နာရီခန့်က ဆက်သွယ်ခဲ့ရာ တခြားတစ်ဦးမှ ဖုန်းကိုင်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းမှာ လူကြီးအချို့နှင့် တွေ့ဆုံနေ၍ ဖုန်းဖြေပေးရန် အဆင်မပြေသေးကြောင်း ပြောကြားသည်။

ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး မြန်မာတပ်မတော်မှ ဂျက်တိုက်လေယာဉ်များဖြင့် အနည်းဆုံး သုံးကြိမ်ထက် မနည်း တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများကြောင့် အနီးအနားရှိကျေးရွာများမှ ထောင်နှင့်ချီရှိသော ဒေသခံများမှာလည်း အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေကြသည်ဟု သိရသည်။

Photo Credit - CJ

ဆက်စပ် သတင်းများ