တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

၄၆ ရက်ကြာဆေးကုသမှုခံယူပြီးနောက် ညောင်ကန်ကျေးရွာမှ မနှင်းယုလိုင် ဆေးရုံမှဆင်းခွင့်ရသော်လည်း စကားပြောဆိုနိုင်ခြင်း၊ လမ်းလျှောက်နိုင်ခြင်းများမရှိသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ အောက်တိုဘာ၂၆ /၂ဝ၂ဝ

၄၆ ရက်ကြာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူပြီးနောက် ညောင်ကန်ကျေးရွာမှ မနှင်းယုလှိုင်မှာ ဒဏ်ရာသက်သာ၍ ဆေးရုံက ဆင်းခွင့်ရသော်လည်း စကားပြောဆိုနိုင်ခြင်း၊ လမ်းလျှောက်နိုင်ခြင်း မရှိသေးဟု ဖခင်ဖြစ်သူ ဦးမောင်ဖြူသီးက ပြောသည်။

“ ဒီနေ့တော့ ဆေးရုံကဆင်းလာပါတယ်။ ဒါပေမယ့် သူရဲ့ ကျန်းမာရေးက လုံးဝကောင်းသွားတာမျိုးတော့ မဟုတ်ဘူး။ ဘယ်ဘက် လက်တစ်ချောင်းက လှုပ်လို့မရဘူး။ စကားလည်းပြောလို့မရဘူး။ ရပ်လို့လည်းမရဘူး။ လမ်းလျှောက်မယ်ဆိုရင်လည်း ဘေးကလူနှစ်ယောက်ကိုင်ထားရတယ်” ဟု ဖခင်ဖြစ်သူက ပြောသည်။

မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ အသက် ၂၂ နှစ်အရွယ် မနှင်းယုလှိုင်သည် တက္ကသိုလ် အဝေးသင် နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး ၂ဝ၂ဝ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က ညောင်ကန်ကျေးရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ရက်ပေါင်းများစွာ သေလုမျောပါး သတိမေ့နေခဲ့သည်။

ထိုလက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ကျောင်းဆရာမတစ်ဦးအပါအဝင်၊ ကလေးငယ်နှစ်ဦးနှင့် အရပ်သား တစ်ဦးသေဆုံးသွားခဲ့ပြီးပြီး မနှင်းယုလိုင်အပါအဝင် အရပ်သား ၁ဝ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

မနှင်းယုလှိုင်၏ အပြင်ကဒဏ်ရာမှာ သက်သာသွားပြီဖြစ်သော်လည်း ဦးခေါင်းတွင် ရရှိထားသော ဒဏ်ရာအတွက် စိုးရိမ်နေရဆဲဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

“ အပြင်ကဒဏ်ရာတွေကတော့ သက်သာသွားပါပြီ။ ကောင်းသွားပါပြီ။ ဒါပေမယ့် ဦးခေါင်းထဲမှာ ကျည်စ ရှိသေးတယ်လို့ ဆရာဝန်ကပြောတယ်။ အဲဒီကျည်စကို နုတ်ဖို့အတွက် ဒီမှာနုတ်လို့မရဘူး။ ရန်ကုန်ကို သွားရမယ်လို့ပြောတယ်။ ရန်ကုန်ကိုသွားဖို့ကလည်း အခုက ကိုဗစ်ရောဂါနှင့် လမ်းတွေပိတ်ထားတဲ့အတွက် သွားလို့မရဘူး။ လမ်းတွေဖွင့်မှပဲ ရန်ကုန်ကိုသွားရမှာဖြစ်တယ်။ ဒီတစ်ခုအတွက် စိုးရိမ်နေရဆဲပါ။”

သို့သော်လည်း သမီးဖြစ်သူမှာ ဒဏ်ရာပြန်လည်သက်သာလာပြီး ဆေးရုံမှဆင်းခွင့်ရသည့်အတွက် အလွန်ဝမ်းသာမိကြောင်း ဖခင်ဖြစ်သူ ဦးမောင်ဖြူသီးက ပြောသည်။

၎င်းလက်နက်ကြီးပစ်ခတ်မှုကို သူမ၏ ဆွေမျိုးများနှင့် အရပ်လူကြီးများက တပ်ဘက်က ပစ်ကြောင်း မီဒီယာများသို့ ပြောဆိုထားသော်လည်း တပ်မတော်ဘက်ကမူ ယနေ့ အချိန်ထိ ဟုတ်/မဟုတ်ကို ရှင်းရှင်းလင်းလင်း သတင်းထုတ်ပြန်မှု မရှိသေးပါ။

ဆက်စပ် သတင်းများ