သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေမြို့နယ်မှ ဖမ်းဆီးခေါ်ခံရသူနှစ်ဦး ၂၄ နာရီကျော်လာသော်လည်း အဆက်အသွယ်မရ၍ မိသားစုများ စိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10.1k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ အောက်တိုဘာ ၂ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သိန်းတန်ကျေးရွာမှ ကျေးရွာသားနှစ်ဦးကို မြန်မာ့တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ ၂၄ နာရီကျော်လွန်သွားပြီဖြစ်သော်လည်း မိသားစုများနှင့် အဆက်အသွယ် မရသဖြင့် စိုးရိမ်နေကြရသည်ဟု မိသားစုဝင်ဖြစ်သူ ကိုမောင်တင်ဝေက ပြောသည်။  

သိန်းတန်ကျေးရွာမှ အသက် ၄ဝ ကျော် အရွယ်များဖြစ်ကြသည့် ဦးဝင်းဌေးနှင့် ဦးကျော်မောင်တို့ နှစ်ဦးကို အောက်တိုဘာ ၁ ရက်  မွန်းလွဲ ၁ နာရီကျော်အချိန်က တပ်မတော် စစ်ကြောင်း တစ်ခုမှ ရွာထဲကနေ ခေါ်ယူသွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“ သူတို့ မနေ့က ရွာကိုဝင်ပြီးတော့ အိမ်ထောင်စု စာရင်းတွေကို စစ်တယ်။ တစ်ရွာလုံးကို စစ်တယ်။ စစ်တပ်က သံသယ တစ်ခုခုနဲ့ ဖမ်းသွားတယ်လို့ ထင်ရပါတယ်။ စစ်ဆေးစရာရှိတယ်ဆိုပြီး ရွာက ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ခေါ်တယ်။ ရုံးခန်းထဲမှာ ခဏနေပြီးတော့ ကားပေါ်မှာ တင်ပြီး ခေါ်ယူ သွားတယ်။ ခေါ်သွားတဲ့ တပ်ကတော့ ခမရ ၃၅၄ ပါ ” ဟု ကိုမောင်တင်ဝေက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိန်းတန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်သို့ နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ရာ  တပ်သားအင်အား ၃ဝ ကျော်နှင့် ရဲအင်အား ၁ဝ ခန့်ပါဝင်သော စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြောကြားသည်။

“ သူတို့နှစ်ယောက်ကို မနေ့ကနေပြီးတော့ စစ်ဆေးဖို့ ခေါ်ယူသွားတယ်။ ယခု အချိန်ထိတော့ ပြန်မလွှတ် သေးဘူး။ ရွာထဲမှာ ဝင်ပြီး အိမ်ထောင်စု စာရင်းတွေကို စစ်ဆေးတုန်းကတော့ ကျနော်တို့လည်း ပါတယ်။ စစ်ဆေးပြီးတဲ့ အချိန်မှာ သူတို့က ကော်ဖီသောက်ချင်တယ် ပြောလို့ ရုံးခန်းကို ခေါ်လာခဲ့တယ်။ ကော်ဖီ သောက်ဖို့ ပြင်နေစဉ်ဖုန်းလာလို့ ဗိုလ်မှူးက အပြင်ကိုထွက်သွားတယ်။ အပြင်ကို ထွက်သွားပြီး ဦးဝင်းဌေးကို ခေါ်လာတယ်။ နောက်ခဏနေရင် နောက်တစ်ကြိမ်အပြင်ထွက်သွားတယ်။ အပြင်ထွက်သွားပြီး ဦးကျော်မောင်ကို ခေါ်လာခဲ့တယ်။ ပြီးရင် သူတို့နှစ်ယောက်ကို စစ်ဆေးစရာတွေ ရှိတယ်ဆိုပြီး ခေါ်သွားတယ်။” ဟုပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးသလို ဘယ်ကို ရောက်နေမှန်း မသိရှိရသည့် အတွက် မိသားစုဝင်များမှာ စိုးရိမ်နေကြသည်ဟု ပြောဆိုသည်။

“ မိသားစုတွေက ထမင်းစားမစား။ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေကြပြီ။ အရမ်းစိုးရိမ်နေကြတယ်။ အခုထိ မလွတ်လာသေးတော့ တစ်ခုခု ဖြစ်မလားစိုးရိမ်နေကြတယ်။ ရင်တထိတ်ထိတ်နဲ့ သတင်းတွေ နားစွင့်နေကြရပါတယ်” ၄င်းကဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်၊ အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

အဆိုပါ သိန်းတန်ကျေးရွာတွင် အိမ်ခြောက် ၁၆၅ ဆောင်ရှိပြီး လူဦးရေ ၆ဝဝ ခန့် ရှိကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ