သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ရခိုင်ကအကျဉ်းသား ၄၀ ဦးလွတ်ပေးခဲ့သော်လည်း နိုင်ငံရေးအမှုဖြင့် ထောင်ကျနေသူ တစ်ဦးတစ်ယောက်မှမပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 726

နိရဉ္စရာ၊ ဧပြီ ၁၈/ ၂၀၂၂

 

မြန်မာနှစ်ဆန်းတစ်ရက် ဧပြီ ၁၇ ရက်နေ့က အကျဉ်းသား ၁၅၇၇ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ရာ ထိုအထဲတွင် ရခိုင်ပြည်နယ်က အကျဉ်းသား ၄၀ ဦးပါဝင်သော်လည်း ၎င်းတို့အထဲတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံထားရသူများ၊ ရက္ခိုင့်တပ်တော် (AA)  နှင့် ဆက်စပ်၍ ထောင်ချခံထားရသူ တစ်ဦးတစ်ယောက်မှ ပါဝင်လာခြင်း မရှိကြောင်း သိရသည်။

 

လွတ်လာသည့် ၎င်းတို့ ၄၀ ဦးအထဲတွင် စစ်တွေထောင်က အကျဉ်းသား ၈ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်က အကျဉ်းသား ၁၃ ဦးနှင့် အကျဉ်းသူ ၇ ဦး၊ ကျောက်ဖြူ အကျဉ်းထောင်က အကျဉ်းသား ၆ ဦးနှင့် သံတွဲ အကျဉ်းထောင်က ၆ ဦးတို့ ဖြစ်ကြသည်။

 

ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင် အသီးသီးတွင် အေအေနှင့် ဆက်စပ်ဖမ်းဆီးထောင်ချခံထားရသူ၊ တရားစွဲဆိုခံထားရသူ (၇၀) နီးပါးကျန်ရှိနေသေးပြီး အများစုမှာ အကြမ်းဖက်မှုဖြင့် တရားစွဲဆို ခံထားရသူများဖြစ်ကြသည်။

 

ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘဲ ကျန်ရှိနေသူများမှာ ပုဏ္ဏားကျွန်း မြို့နယ် ကျောက်ဆိပ် ရွာသား ၅ ဦး အပါအဝင် စစ်တွေ အကျဉ်းထောင်မှ ၁၇ ဦး၊ သံတွဲအကျဉ်းထောင်မှ ၇ ဦး၊ ဘူးသီတောင် အကျဉ်းထောင်မှ ၅ ဦး၊ မြောက်ဦး အချုပ်ခန်းတွင် ၁၀ ဦး၊ ကျောက်ဖြူ အကျဉ်းထောင်မှ ၁၈ ဦး၊ ချင်းပြည်နယ် ပလက်ဝမှ ၁ ဦး၊ မန္တလေးမှ ၆ ဦးနှင့် ရန်ကုန်အင်းစိန် အကျဉ်းထောင်မှ ၆ ဦးတို့ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်ပေးသူ စာရေးဆရာ ဦးဝေဟင်အောင်၏ စာရင်းအရ သိရသည်။

 

စစ်ကောင်စီ၏ ဧပြီ ၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်တွင် မြန်မာနှစ်သစ် အခါသမယ အထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် အကျဉ်းထောင်၊ အချုပ်ထောင်/စခန်း အသီးသီးတွင် အကျဉ်းကျ ခံနေကြရသော အကျဉ်းသား/သူ ၁၅၇၇ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ရှိသော ပြစ်ဒဏ်များ အပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟု ပါရှိသည်။

 

(ဓာတ်ပုံ- ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရိုက်ထားသော ဓာတ်ပုံဟောင်း ဖြစ်ပါသည်။)

ဆက်စပ် သတင်းများ